ရင်ခုန်နွေးထွေးစွာ ပျော်ရွှင်ခဲ့ရတဲ့ ကာလလေးတွေ လူတိုင်းကြုံခဲ့ဖူးကြမှာပါ။ အဲဒီလိုပဲ ကျွန်မရဲ့ ပျော်ရွှင်ခဲ့ရတဲ့ အချိန်လေးတွေကို ပြန်စဉ်းစားတိုင်း ရင်ခုန်နွေးထွေးစွာ ခံစားနေရဆဲပါ။ ဒါပေမယ့် မမေ့နိုင်တဲ့ အဲဒီရင်ခုန်သံတွေက အရမ်းဖြူစင်ခဲ့ပါတယ်။
တချို့ကတော့ ထီပေါက်လို့ ရင်ခုန်ခဲ့တယ်။ တချို့ ကတော့လည်း စာမေးပွဲအောင်လို့၊ တချို့ကတော့လည်း ချစ်သူဆီက အဖြေရလို့၊ တချို့ ကတော့လည်း ကိုယ်ဖြစ်ချင်တဲ့ အရာတစ်ခုကို ဖြစ်ခွင့်ရလို့၊ တချို့ ကတော့လည်း နေရာဒေသ အသစ်အဆန်းကို သွားခွင့်ကြုံလို့ စသဖြင့် အမျိုးမျိုးပေါ့။
ကျွန်မရဲ့ မေ့မရတဲ့ ရင်ခုန်သံကတော့ အထက်တန်းကျောင်းသူ ဘ၀ အချစ်ရဆုံး သူငယ်ချင်းနဲ့ ပတ်သက်နေပါတယ်။ သူနဲ့ စတွေ့တာကတော့ အလယ်တန်း စ,တက်ကတည်းကပါ။ သူရဲ့ နာမည်ကို သိကတည်းက သူကို့ ခင်မင်ရင်းနှီးနေခဲ့ တာပေါ့။ ကျွန်မ သိပ်ကြိုက်တဲ့ ကာတွန်း ဇာတ်ဆောင်တစ်ယောက်ရဲ့ နာမည်နဲ့ တူနေတာကိုး။ ဒါကြောင့် သူလိုအပ်ရင် အမြဲတမ်းကူညီချင်နေခဲ့တာလေ။ ဒါပေမယ့် သူက ဘယ်သူ့ဆီကမှ အကူအညီမလိုအောင် အစစအရာရာ ပြည့်စုံသူ တစ်ယောက်လေ။Show/Hide
ဒီလိုနဲ့ အတူတူကျောင်းတက်လာခဲ့တာ ကိုယ်က သူ့ကို သတိထားမိပေမယ့် သူကတော့ သတိထားမိပုံ မရပါဘူးလေ။ သူနဲ့ အတူတူကျောင်းတက်ခွင့်ရတဲ့ နောက်ဆုံးတစ်နှစ် ၉ တန်းမှာတော့ မမေ့နိုင်စရာတွေ အများကြီး သူပေးခဲ့တယ်လေ။ အဲဒီကာလလေးတွေကို ပြန်စဉ်းစားတိုင်း ရင်ခုန်သံတွေ နွေးထွေးနေဆဲပဲဆိုတာ ကိုယ့်ကိုယ်ကိုသာ အသိဆုံးပါလေ။
၉-တန်း စာသင်နှစ်မှာ ကျောင်းတွေစဖွင့်လို့ သူ့ကို မမြင်တွေ့ရတော့ ဘော်ဒါဆောင် တစ်ခုခုကိုပဲ ပြောင်းသွားပြီလို့ ထင်နေခဲ့တာ။ ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်နဲ့ နေလာလိုက်တာ ၃ လလောက် ကျောင်းတက်ပြီးမှ ကျောင်းကိုရောက်လာတော့ အပျော်ဆုံးသူက ကျွန်မပဲလေ…။ သူ နေမကောင်းလို့ ဆေးရုံတက်နေရလို့ ကျောင်းမလာနိုင်တာ သိရတော့သနားကရုဏာ ပိုခဲ့ရတာပေါ့ရှင်။ သူ့ကို ဆရာ၊ ဆရာမတွေနဲ့ သူငယ်ချင်းတွေအားလုံးက ၀ိုင်းပြီးနှစ်သိမ့်ကြတော့ သူ့ရဲ့ကျေနပ်နေတဲ့ အပြုံးတွေကို မေ့မရခဲ့ဘူးလေ။
သူ့အတွက် ကျောင်းနောက်ကျလို့ မမှီတဲ့စာတွေကူရေးပေးဖို့ ဆရာမက ကျွန်မတို့ သူငယ်ချင်းလေးယောက်ကို တာဝန်ပေးတော့ အားတက်သရောနဲ့ ထိပ်ဆုံးကနေ ကူညီခဲ့တာပါ။ သူ့ကို ကူညီဖို့ အခွင့်အရေးကို စောင့်နေခဲ့တာကို။ သူ့ရဲ့ စာအုပ်တော်တော်များများမှာ ကိုယ့်ရဲ့ လက်ရေးတွေပဲဖြစ်နေတော့ သူသိချင်တာမှန်သမျှကို မမောနိုင်မပန်းနိုင် စာတွေရှင်းပြခဲ့တာတွေလည်း မေ့လို့မရခဲ့ပါဘူးလေ။
ကျွန်မတို့ စာသင်ကျောင်းဆောင်ရဲ့ ရှေ့မှာ ပန်းခြံလေးရှိတယ်။ နေခင်းဘက် ထမင်းစားနားချိန်ဆိုရင် ပန်းခြံထဲမှာ စာကျက်နေကျလေ။ သူ မသိတာလေးမေးတိုင်း စာကျက်ဖို့တောင်မှမေ့လို့ သူနားလည်တဲ့ထိ ရှင်းပြပေးခဲ့တာလေ။ စာကျက်နေကျ အဲဒီပန်းခြံလေးဟာ ဘယ်အခါနဲ့မှ မတူအောင် သူအနားမှာ ရှိနေတဲ့အချိန်ဟာ အရမ်းကို သာယာနေခဲ့တယ်လေ။ သူ စာကျက်မရတဲ့ အချိန်တွေမှာလည်း စာတွေကူကျက်ရင်နဲ့ ပျော်ရွှင်ခဲ့ရတဲ့ နေ့လေးကို ခုချိန်ထိ မေ့လို့မရဘူးလေ။
အဲဒီအတွက်ကျေးဇူးတင်လို့ သူငယ်ချင်းတွေကို လက်ဆောင်ပေးတော့ သူတို့တွေနဲ့ မတူတဲ့ လက်ဆောင်ကို ကျွန်မရတော့ ပျော်လို့မဆုံးဘူးပေါ့။ ခဲတံကိုပဲ ချွန်ပြီးသုံးတတ်တဲ့ ကျွန်မအတွက် သူပေးတဲ့ ခဲဆံဗူးလေးကို သူကိုပြန်ပေးဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီခဲဆံဗူးလေးဟာ ကျွန်မအတွက် သိမ်းထားစရာ သူပေးခဲ့တဲ့ ပထမဆုံးလက်ဆောင်လေးပေါ့။
ဒီလိုနဲ့ သူရဲ့ မွေးနေ့မို့ ကျောင်းမတက်ဘူးဆိုပြီး ခွင့်လာတိုင်တဲ့ သူရဲ့ စတိုင်က ကျွန်မ အရမ်းရင်ခုန်ရတဲ့ အိပ်မက်ထဲက မင်းသားလေးပေါ့။ သူနဲ့တွေ့တိုင်း ရင်တွေခုန်ခဲ့ရတာ သူကတော့ရိပ်မိပုံ မရပါဘူးလေ။ တီးရှပ် အဖြူ ၊ ဂျင်းဘောင်းဘီအနက်၊ ရူးဖိနပ် အနက်လေးနဲ့ ရှင်းသန့်နေတဲ့ သူ့ကို မျက်စိထဲက မထွက်ခဲ့ပါဘူး။ အဲဒီနေ့ ကျောင်းဆင်းချိန် အိမ်ပြန်တော့ သူက ကျွန်မ စက်ဘီးရဲ့ဘေးမှာ ဆိုင်ကယ်ကို ဖြည်းဖြည်းလေးစီးကာ သူ့မွေးနေ့ အတွက် ကျွန်မတို့ သူငယ်ချင်းလေးယောက်ကို လက်ဆောင်ပေးတော့ ကိုယ့်ရဲ့ အသားကို ပြန်ဆိတ်ကြည့်ရသေးတယ်။ အိပ်မက်များလားလို့လေ။
ကျွန်မတို့ သူငယ်ချင်းတွေရဲ့ ထုံးစံအတိုင်း မုန့်ကိုအမြဲတမ်း အတူတူမျှဝေစားနေကျ ဆိုတော့ မုန့်တစ်ခုရှိတိုင်း လေးယောက်စားနေကြလေ။ သူပေးတဲ့ လက်ဆောင်လေးက လေးယောက်လုံးအတွက်ပုံစံတူတွေပါပဲ။ ပါဆယ်တစ်ခုကို ဖွင့်လိုက်တိုင်း ဝေဖာလေးတွေဖြစ်နေတော့ လေးယောက်အတူတူ စားကြတာပေါ့။ ကျွန်မရဲ့ ပါဆယ်ကိုဖွင့်လိုက်ချိန်မှာတော့ ၁၀၅၀ ဆိုတဲ့ လေဘယ်လေးကို စတွေ့လိုက်ရတော့ အားလုံးကစိတ်ဝင်စားသွားတာပေါ့။ အားလုံးမျှော်လင့်ထားသလို ဝေဖာမဟုတ်ဘဲ ဖေါင်တိန်နဲ့ ခဲသားဘောပင်လေး ဖြစ်နေလို့လေ။ ကျွန်မကို ခဲဆံဗူးပေခဲ့တုန်းက ခဲသားဘောပင်မရှိဘူးဆိုပြီး ပြန်ပေးတာကို သူကအမှတ်တရနဲ့ ခဲသားဘောပင်လေး လက်ဆောင်ပေးခဲ့တာကို ကျွန်မ မသာယာဘဲ နေပါ့မလား။ ကျွန်မအတွက် သိမ်းထားစရာ သူပေးခဲ့တဲ့ ဒုတိယလက်ဆောင်လေးပေါ့။
ဒီလိုနဲ့ ကျောင်းတွေတက်ပြီး စာသင်နှစ် တစ်နှစ်တာကုန်ခါနီးမှာတော့ အမှတ်တရ စာတွေရေးပေးကြတဲ့ အချိန်မှာတော့ သူကလေ ကျွန်မအတွက် “ဟောင်းနွမ်းခြင်း၊ ပြောင်းလဲခြင်း၊ ကုန်ဆုံးခြင်းမရှိသော သံယောဇဉ်များနှင့်သာ ထာဝရအတွက်” လို့ ရေးပေးတော့ ရင်ခုန်သံတွေ အတိုင်းအဆမရှိပေါ့လေ။
သော့ခပ် စာအုပ်လေးနဲ့ သီချင်းတွေ ရေးပေးတော့ သီချင်းနားထောင်တတ်တဲ့ အကျင့်မရှိတဲ့ ကျွန်မက သီချင်းတွေကို မသိဘူးလို့ပြောတော့ CD ခွေကို ကျောင်းသားစုံညီပွဲတော်မှာ လက်ဆောင်ပေးတယ်လေ။ သီချင်းတွေဖွင့်ကြည့်တော့ အားလုံးက သူငယ်ချင်း သီချင်းတွေပဲဆိုတော့ မေ့မေ့ရဲ့ မသင်္ကာတဲ့ မျက်လုံးတွေကိုတောင် ရင်ဆိုင်လိုက်ရတယ်။ သူငယ်ချင်းဆီက ငှားလာတာပါ ဆိုပြီးတော့ မညာတတ်ဘဲ ညာလိုက်ရတယ်။ သူ့ကို ဘာတွေလဲမသိဘူးဆိုပြီးတော့ ပြန်ပေးတော့ သူရဲ့ သာယာတဲ့ ရယ်သံလေးကို ရင်ထဲမှာ အထပ်ထပ်ကြားယောင် နေမိနေတယ်။
ဆရာကန်တော့ပွဲနေ့မှာလေ အားလုံးက စာမေးပွဲတွေဖြေပြီးကြရင် ကျောင်းကြီးပိတ်လို့ ခွဲရတော့မယ်ဆိုတော့ မျက်ရည်တွေကိုယ်စီနဲ့ပေါ့။ အဲဒီအချိန်မှာ ကျွန်မ ၀ဲရတဲ့မျက်ရည် ဟာ သူနဲ့ ခွဲရတော့မယ်ဆိုတဲ့ အသိနဲ့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အားလုံးကိုယ်စီနှုတ်ဆက်ကြပြီး ပြန်ဖို့ရာအတွက် အဆင်သင့်ဖြစ်နေပြီးခါမှ သူငယ်ချင်းက ပန်းဝယ်သွားမယ် အဖေါ်လိုက်ခဲ့ဆိုတော့လည်း မငြင်းချင်ဘူးလေ။ ကျောင်းဆင်းချိန် လူတွေ ရှုပ်ယှက်ခပ်နေတဲ့ မြောင်းဘောင်ပေါ်မှာ ဆိုင်ကယ်စီးမကျွမ်းတဲ့ ကျွန်မက သူငယ်ချင်းကိုနောက်မှာထားပြီး ဆိုင်ကယ်စီးပြီးထွက်လာတော့ မြောင်းထဲထိုးကျတော့မလို့လေ။
ကံကောင်းချင်တော့ သူကရောက်လာပြီး လိုက်ပို့ပေးမယ်ဆိုပြီး ခေါ်သွားလိုက်တာ ပန်းခြံ မဟုတ်ပဲ ရေတံခွန်တောင်ကို ရောက်သွားပါလေရောလေ။ တောင်ပေါ်ကို ဆိုင်ကယ်နဲ့ တခါမှမရောက်ဖူးတဲ့ ကျွန်မကတော့ အကြောက်တရားတွေပိုလို့ပေါ့လေ။ တောင်ပေါ်ရောက်လို့ သူငယ်ချင်းတွေနဲ့တွေ့မှ အကြောက်ပြေတော့တယ်။ သူကတော့ အေးအေး ဆေးဆေးလေးပဲ အဲဒီအချိန်မှာတော့ သူက ကျွန်မအတွက် သူရဲကောင်းကြီးပေါ့လေ။
နောက်တစ်နေ့ ကျူရှင် သွားပြီးစာကျက်ကြတော့ သူငယ်ချင်းနဲ့အတူ ဆရာမရဲ့ ဗိုက်တင်းကြောဆွဲလိမ်တာကို ခံလိုက်ရပါတယ်။ ဆရာတွေကို ကန်တော့တဲ့အချိန်ကတည်းက သေချာမှာလိုက်ပါတယ် ကန်တော့ပွဲပြီးတာနဲ့ အိမ်ကို တန်းတန်းမတ်မတ်ပြန်ကြဖို့လေ။ သူနဲ့လိုက်သွားတဲ့အတွက် ပေးသမျှအပြစ်ဒဏ်ကို ခံယူဖို့ အတွက် အဆင်သင့်ဖြစ်နေခဲ့တယ်လေ။
အဲဒီတုန်းက သူဟာ ကျွန်မအတွက် မရှိခဲ့တာတွေ ပေးခဲ့တယ်။ မကြုံဖူးတာတွေကို ကြုံတွေ့စေခဲ့တယ်။ မရောက်ဖူးတဲ့နေရာတွေကို လိုက်ပို့ပေးခဲ့တယ်။ မခံစားဖူးတဲ့ ခံစားချက် အသစ်တွေကိုပေခဲ့တယ်။ သူဟာ ကျွန်မအတွက် အသစ်မဆန်းတွေကို ဖန်တီးပေးခဲ့တယ်။ ဒါပေမယ့် ကျွန်မကို ကြည့်တဲ့ သူ့ရဲ့မျက်လုံးတွေက အရမ်းပဲ ရိုးသားနေခဲ့ပါတယ်။
ကျောင်းကိုလာတိုင်း ရှင်းသန့်တဲ့ သူ့ရဲ့ စတိုင်၊ ချိုသာစွာပြောဆိုတတ်တဲ့ သူ့ရဲ့ အသံလေးတွေ၊ သာယာတဲ့ သူရဲ့ ရယ်သံလေးတွေ၊ ရိုးသားဖြူစင်တဲ့ သူရဲ့ အကြည့်တွေ၊ နွေထွေးစွာဆက်ဆံတတ်တဲ့ သူ့ရဲ့ အပြုအမူတွေနဲ့ ၁၀-တန်း တစ်နှစ်တာ ဝေးကွာခဲ့ရပါတယ်။ ကျွန်မ အတွက်တော့ ကမ္ဘာလောကကြီး ခဏရပ်တန့်သွားသလို ပါပဲလေ။