
ကျွန်မ ခရီးသွားရခြင်းကို အရမ်းနှစ်သက်ပါတယ်…. ကျောင်းတက်ကတည်းက သူငယ်တွေနဲ့ အမြဲလိုလို အပြင်သွားဖြစ်ကြတယ်…. အဲလို သွားကြတိုင်းလဲ အမြဲတမ်းလိုလို လွဲတတ်ကြပါတယ်…
ခုလည်း တစ်ယောက်ထဲခရီးသွားဖို့ မလွဲအောင်သေချာပြင်ဆင်ထားတာတောင်မှ လွဲဖြစ်အောင် ထပ်ပြီးလွဲသေးတယ်… သူငယ်ချင်းတွေနဲ့ မလွဲရရင် တစ်ယောက်တည်းကို လွဲနေတော့တာ…
မလေးကို အလည်သွားမယ်ဆိုပြီး တလလောက် ကြိုတင်သေချာပြင်ဆင်ထားတာ… ရထားနဲ့သွားမယ်ဆိုပြီး လက်မှတ်ကို ကြိုတင်ဖြတ်ပေမယ့်မရတော့ဘူး… သူငယ်ချင်းကို ဖြတ်ခိုင်းထားတာဆိုတော့ မရဘူးဆိုတာကိုလည်း သွားမယ့်နေ့မှ သေချာသိရတယ်လေ အဲဒီမှာအလုပ်ရှုပ်တော့တာပဲ… မလေးက အလည်ပြန်လာခါစ သူငယ်ချင်းကိုပဲ အနှောင့်အယှက်ပေးရတော့တယ်… သူက ကူညီပြီး စုံစမ်းပေးလို့သာ KL သွားဖြစ်တာ…
လက်မှတ်က လက်ထဲမှာ မရှိသေးပေမယ့် ဟိုမှာရှိတဲ့ မောင်လေးတွေကို အကြိုခိုင်းထားပြီးပြီလေ… မသွားဖြစ်လို့ မရတော့ဘူးပေါ့… ရောက်ဖူးချင်တာက တစ်ကြောင်း မောင်လေးတွေနဲ့ တွေ့ချင်တာက တစ်ကြောင်းကြောင့် မဖြစ်မနေ လက်မှတ်ကို ရအောင် ၀ယ်ရတော့တာပေါ့… အလုပ်ထဲမှာဆိုတော့ နေ့ခင်း ထမင်းစားချိန်မှာဘဲ Taxi နဲ့သွားဝယ်တာ မလေးသွားဖို့ ကားလက်မှတ်ထက် Taxi ကားခက ပိုဈေးကြီးသွားတယ်… လက်မှတ်ဝယ်ရတာ ခက်တယ်ဆိုတော့ အသွားအပြန်တခါတည်းပဲ ၀ယ်ခဲ့လိုက်တယ်
ဒီလိုနဲ့ အလုပ်ကပြန်လာတော့ ကားဂိတ်သွားဖို့ အဖေါ်မရှိတာနဲ့ ခင်တဲ့အကိုကြီးတစ်ယောက်ကို ချောဆွဲသွားလိုက်တာပေါ့… ဒီလို တစ်ယောက်ထဲ ပထမဆုံးခရီးထွက်ရတာရယ် ကိုယ်နဲ့ မရင်းနှီးတဲ့ဒေသအစိမ်းကိုသွားရတာဆိုတော့ တော်တော်ရင်ခုန်တယ် စိတ်လဲလှုပ်ရှားမိတယ်… အချစ်ဆုံးသူငယ်ချင်းလေးကလည်း စိတ်မချနိုင်ဘူး.. ကားပေါ်မတက်မချင်း ဂရုစိုက်ဖို့ အတန်တန်မှာနေတော့တာပဲ… ဟိုရောက်လို့ လိုအပ်ရင် အကူအညီတောင်းလို့ရအောင်ဆိုပြီး သူ့သူငယ်ချင်းရဲ့ ဖုန်းနံပါတ်ကို ပေးလိုက်သေးတယ်…
Show/Hideကားပေါ်တက်ပြီး ထွက်လာလိုက်တာ ဘယ်ကိုမှမစူးစမ်းနိုင်ခဲ့ဘူး ကားမူးလို့ခေါင်းကိုမထောင်နိုင်ရှာဘူးလေ.. ဖြစ်ချင်တော့ ကားကလည်း ရောက်တာတစ်နာရီလောက် နောက်ကျသေးတယ်လေ…. နောက်ကျပါတယ်ဆိုမှ လာကြိုတဲ့ မောင်လေးနဲ့ သူငယ်ချင်းက စောင့်မနေဘူးလေ တခြားမှာသွားပြီ လက်ဘက်ရည် သောက်တာတဲ့လေ… ကြောက်တာကတော့ နေစရာကို မရှိဘူး… မောင်လေးလဲရောက်လာရော ၄နှစ်လောက်ခွဲခွါနေရတဲ့ သူ့ကို သေချာဂရုစိုက်ကြည့်မှ ပုံဖမ်းမိတော့တယ်…မမှတ်မိလောက်အောင် ထွားလာဝလာလိုက် လူကိုမှားတော့တာ..
သူကလည်း ကိုယ့်ကို အံသြတင်္ကြီးကြည့်လို့လေ ငယ်ငယ်က အရမ်းဝတဲ့ကျွန်မ ခုတော့လှချင်တာက တစ်ကြောင်း အလုပ်အပြောင်းအလဲက တစ်ကြောင်းကြောင့် တော်တော်ပိန်သွားတော့ သူ့မှာ ကျွန်မကို စိတ်မကောင်းကြီးစွာနဲ့ ကြည့်လို့ပေါ့… တော်တော် သနားနေတဲ့ သူ့ပုံစံက ဖြူစင်ပြီး ချစ်ဖို့ကောင်းလိုက်တာ… အဲလိုနဲ့မောင်နှမ နှစ်ယောက်ပြောစရာ စကားတွေက မကုန်
နိုင်လောက်အောင်ပါပဲ… ငါးနှစ်လောက် ကိုယ့်ထက်ငယ်တဲ့မောင်လေးက ပြောနေတဲ့စကားတွေက ကျွန်မထက်တောင်ရင့်ကျက်နေပြီး လူကြီးဆန်နေလိုက်တာ… သြူ့ဖတ်သန်းလာတဲ့ ပတ်ဝန်းကျင်နဲ့ သူ့ရဲ့အတွေ့အကြုံတွေက သူ့ကို ဒီလို ရင့်ကျက်စေတာနဲ့ တူပါရဲ့.. သူ့ကိုကြည့်ပြီး ကလေးဆန်လွန်းတဲ့ ကိုယ့်ဘာသာတောင် ရှက်မိပါတယ်…
အဲဒီရောက်တဲ့ညမှာ သူငယ်ချင်း အိမ်မှာဘဲ အိပ်ပြီး နောက်နေ့မနက်မှ KL မှာ မောင်လေးနဲ့ လျှောက်လည်ဖြစ်တယ်… ဒီ Twins Tower ဟာ KL မြို့ရဲ့ အထင်ရှားဆုံးနဲ့ ၈၈လွှာမြင့်ပြီး ကမ္ဘာ့အမြင့်ဆုံး ဆိုတာကို သူပြောပြလို့ သိခဲ့ရပါတယ်… KLCC မှာ ဓါတ်ပုံတွေရိုက်ရတာလဲ မောင်နှမ နှစ်ယောက် မမောနိုင်မပန်းနိုင်နဲ့ပေါ့… ပြီးတော့ ဈေးကိုတစ်ပတ် လိုက်ပို့ပေးပြီး မောင်လေးတို့ဆီ Ipoh ကို အလည်လိုက်သွားတာပေါ့… မောင်လေးတို့ဆီလည်းရောက်ရော မောင်လေးကို လိုချင်တာတွေလက်ညှိုးထိုးပြီး ပူဆာတော့တာပေါ့.. ပျော်ဖို့ကောင်းလိုက်တာ လုံခြုံစိတ်ချရပြီဆိုတဲ့ အတွေးကြောင့်လည်း ဖြစ်နိုင်တာပဲ…
မောင်လေးတို့ အိမ်ကိုရောက်တော့ မောင်လေးနောက်တစ်ယောက်ရောက်လာပြီး ဈေးကိုပတ်တယ်… ပြီးမှ သူ့သူငယ်ချင်းတွေနဲ့ အတူ ညစာ စားကြတာပေါ့… မြို့တစ်မြို့ရဲ့ ညအလှကို ခံစားရလို့ ဇာတိမြို့လေးကိုတောင် ပြန်လွမ်းမိပါရဲ့… မောင်လေးသူငယ်ချင်းတွေဆိုတော့ ကိုယ့်ရဲ့ မောင်လေးတွေလိုပါဘဲ အရမ်းပျော်ဖို့ကောင်းတယ်… အဲဒီမှာတစ်ရက်ပဲ နေပေမယ့် တော်တော်လေးကို လွမ်းပါတယ် အဲဒီ မြို့လေးကို သတိရလို့ပေါ့…
နောက်တစ်နေ့မှာတော့ မနက်စောစော ထပြီး မောင်လေးအကြီးနဲ့ကားဂိတ်ကို မြန်မြန်လေး လမ်းလျှောက်ရတာ ခံစားမှုလေးက တစ်မျိုးဖြစ်လို့လေ.. မောင်လေး အငယ်ကတော့ အရင်နေ့က လည်ပြီးတာရယ် ဒီနေ့ အလုပ်ရှိတာရယ်ကြောင့် ကျွန်မတို့နဲ့ အတူလိုက်မလည်နိုင်ရှာပါဘူး… ကားလမ်းမကြီးထိလိုက်ပို့ရှာတဲ့ သူ့ကိုကြညြ့်ပီး သနားမိပါရဲ့.. ကားစီးချင်တာတောင် ကားကမရှိ လမ်းလေးကလည်းရှင်းလို့ ရွာကိုတောင် တခဏလွမ်းမိသေးတယ်… မောင်လေးနဲ့ အတူ ကားဂိတ်ဖွင့်တာကိုစောင့်ရင်း လက်ဖက်ရည်သောက်ရတာကလည်း ရွာကိုလွမ်းမိတယ်…
အဲဒီကို မသွားခင် ကြားရတဲ့ သတင်း အချက်အလက်တွေက တစ်ခုမှ မကောင်းလေတော့ သွားရတာ မပျော်တ၀က်ပျော် တစ်ဝက်ရယ်… မောင်လေးတွေနဲ့တွေ့ပြီးမှပဲ လွတ်လွတ်လပ်လပ်နဲ့ လှောင်အိမ်ထဲကငှက်ကလေး ထွက်လာရသလိုကို ပျော်တော့တာ… သူငယ်ချင်းတွေကိုတောင် တခဏ မေ့သွားတယ်လေ…
မနက်စာ စားပြီးတာနဲ့ ကားဂိတ်မှာ ကားစောင့်နေရင်း မောင်နှမ နှစ်ယောက် ပြောစရာစကားတွေ မကုန်နိုင်အောင်ပါပဲ…
ဒီလိုနဲ့ ကားကို ၂နာရီခွဲလောက်စီးပြီး KL ကို မနက် ၁၀ နာရီ ကျော်လောက် ရောက်လာပါလေရော… မောင်လေးက လည်လည်ဝယ်ဝယ်နဲ့ ဘယ်မှလည်း မသွားတတ် မလာတတ်..လိုက်ပို့ပေးပါမယ်ဆိုတဲ့ သူငယ်ချင်းကလည်းနေမကောင်းပြန် ဆိုတော့ ရောက်ပြီးတော့ပဲ ပြန်ရတော့မလိုလိုနဲ့ပေါ့….
မောင်လေးကလည်း ကြိုးစားပန်းစားနဲ့ သူ့ သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီးမေးပေမယ့်လည်း အားလုံးက သူ့လိုလူတွေချည်းပဲလေ...
အချစ်ဆုံးသူငယ်ချင်းပေးလိုက်တဲ့ သူ့သူငယ်ချင်းတွေရဲ့ ဖုန်းကို ပြန်ခါနီးမှပဲ သတိရတော့တယ်… သူတို့တွေကို လှမ်းဆက်ကြည့်တော့ အဆင်ပြေပြေတော့ ပြန်ပြောတယ်… ဆက်သာဆက်ရပေမယ့်သိပ်ပြီး မမျှော်လင့်ရဲဘူးလေ… သူတို့မှာလဲ သူတို့ အလုပ်ကိစ္စတွေ ရှိနေမှာပေါ့လို့ အတွေးနဲ့မို့ပါ… အဲဒီက သူ့ရုံးကို ခေါ်တော့ မောင်နှစ်မ နှစ်ယောက်ယောင်လည်လည်နဲ့ ရောက်သွားတာပေါ့.. ဟိုရောက်တော့ စားသောက်ဆိုင်ဆိုတော့ မဆာလည်း မှာစားလိုက်တော့တယ်…..
အချိန်က နေ့လည်ရောက်နေပြီဆိုတော့လေ… အဲဒီချိန်မှာပဲ ဖုန်းဆက်ထားတဲ့ သူငယ်ချင်းက အားရ၀မ်းသာ နှုတ်ဆက်ကြိုဆိုပါတယ်… စားပြီးသွားတော့ သွားစရာနေရာကလည်း မရှိလေတော့ သူ့ရဲ့ ရုံးခန်းကို လိုက်သွားဖြစ်တယ် … သူ့ရဲ့ သူငယ်ချင်းတွေကို ဖုန်းဆက်ခေါ်ပြီး သူအလုပ်ပြီးတဲ့ထိ စောင့်နေလိုက်ရတယ်… အလိုက်သိတဲ့ သူငယ်ချင်းက သူရဲ့ laptop နဲ့ စက်သုံးခိုင်းတော့ အတိုင်းမသိဝမ်းသာသွားတယ်… စိတ်ထဲမှာလဲ အလိုက်သိတဲ့သူ ဆိုပြီး ကျေးဇူးတော်တော်တင်နေမိတယ်… ခုမှ ခဏခွဲနေရတဲ့ online သူငယ်ချင်းများနဲ့ တွေ့ရမှာမို့လေ…
ဒီလိုနဲ့ တစ်ယောက်ကို စောင့်လိုက် နောက်တစ်ယောက်ကို စောင့်လိုက်နဲ့ အချိန်တော်တော်ကြာသွားတယ်… နေ့တစ်ဝက်ကုန်ပါလေရော… အားလုံး လူလဲစုံတော့ သွားမယ့်နေရာရွေးကြရပြန်ရော… အားလုံးသွားချင်တဲ့နေရာကို လိုက်ပို့ပေးမယ့် ကားဆရာကတော့ အတက်ကြွဆုံးပေါ့… ဟိုရွေးဒီရွေးနဲ့ SUNWAY ကိုပဲ ရွေးချယ်ပြီးသွားကြပါတယ်…
ကျွန်မရဲ့ အနှစ်သက်ဆုံး shopping mall ထဲကနေခေါ်သွားလေတော့ တော်တော်ပျော်သွားတယ်… အထဲရောက်တော့ ရေခဲပြင်စကိတ်က စီးလို့ကြိုနေပါရော… သူတို့တွေစီးတာကြည့်ပြီးအားကျလို့ အနားကနေတောင် မခွါနိုင်ရှာတဲ့ ကျွန်မ သူငယ်ချင်းတွေ အတင်းခေါ်မှပဲ ရွေ့ပါတော့တယ်… အဲဒါကလည်း ဒီထက်သာတဲ့နေရာမို့လို့ပါ.. SUNWAY ကစားကွင်းကို အထက်စီးက မြင်နေရတဲ့ ကျွန်မ တခဏ မှင်သက်မိသွားပါတော့တယ်…
တကယ်လို့ ကျွန်မ မှာသာ အချိန်တွေ အများကြီးရခဲ့ရင် အဲဒီအထဲမှာ အနှံ့လျှောက်လည်ဖို့ အတွက် စဉ်းစားနေမှာ မဟုတ်ပါဘူး…. အခုတော့ စားသောက်ဆိုင်မှာ နေ့လည်စာ စားရင် ငေးရုံနဲ့ပဲ ကျေနပ်ရတဲ့ ကျွန်မ နောက်တစ်ခါ အေးအေးဆေးဆေး ထပ်ပြီးသွားဖို့ ဆုံးဖြတ်ချက် ချမိတဲ့ထိပါပဲ…. ဒါကလည်း လိုက်ပို့ပေးတဲ့ သူငယ်ချင်းတွေရဲ့ ကောင်းမှုကြောင့်လည်း ပါတာပေါ့နော်… တချိန်ထဲမှာပဲ သူတို့တွေကို လေးစားမှုနဲ့အတူ ပိုပြီး ခင်မင်ရင်းနှီးလာပါတော့တယ်… ဓါတ်ပုံတွေကို ပုံစံအမျိုးမျိုး ရိုက်ပြီးတော့ ပြန်ဖို့ အချိန်တောင်မေ့သွားတယ်…
ကျွန်မတို့တွေ အမြန်ပြန်ကြရတော့တာပေါ့… ကျွန်မ အိမ်ကိုပြန်ဖို့ ကားမမှီမှာစိုးလို့လေ… သူငယ်ချင်းက ကားကိုမြန်မြန်မောင်းပေမယ့် ကျွန်မ စီးရမယ့် bus ကားနဲ့လွဲသွားပါတော့တယ်… အပျော်လွန်ရခြင်းရဲ့အကျိုးဆက်က ငိုရမလို ရယ်ရမလိုနဲ့ တော်တော် အနေရခက်ပါတယ် SUNWAY မှာ ပျော်ခဲ့တာတွေတောင် ဘယ်ကိုပျံသွားလဲ မသိတော့ဘူး… ဘေးနားမှာ သူတို့တွေသာ မရှိရင် ငိုတောင် ငိုမိမယ်ထင်တယ်…
အဲဒါနဲ့ သူတို့ရုံးခန်းကိုပဲ လိုက်သွားရပါတော့တယ် လူလည်း တနေကုန်လျှောက်ပတ်နေတော့ ပင်ပန်းနေပြီ လူရော စိတ်ပါလန်းသွားအောင် ရေပဲချိုးလိုက်ပါတော့တယ်…. မောင်လေးကလည်း Ipoh ထိပြန်ရမှာဆိုတော့ သူ့ကို နောက်ဆုံးကားနဲ့ပဲ လိုက်သွားခိုင်းလိုက်ပါတယ်… သူပြန်တော့ အပြန်အလှန်နှုတ်ဆက်ကြရင်း ကားလက်မှတ် မ၀ယ်ရသေးတဲ့ ကျွန်မကို စိတ်မချစွာနဲ့ လမ်းမှာ ဂရုစိုက်ဖို့ အတန်တန်မှာသွားတဲ့သူ့ကိုရပ်ကြည့်ရင်း ကျွန်မကျန်နေခဲ့ပါတယ်… အိမ်မှာကျန်ခဲ့တဲ့ မောင်လေးကလည်း ကားနဲ့ လွဲသွားပြီ ဆိုတာသိတော့ ဖုန်းဆက်ပြီး အဆင်ပြေရဲ့လားလို့ မေးရတာလည်း အမောပါပဲ… သူငယ်ချင်းတွေက စိတ်ချမ်းသာအောင် အတတ်နိုင်ဆုံးထားကြပါတယ်… စိတ်ပြေလက်ပြောက် ဆိုင်ကယ်ပတ်ပြီးစီးမယ် ဆိုတော့လည်း မိုးကရွာနေတော့ သူငယ်ချင်းရဲ့ကားနဲ့ပဲ သူတို့တွေ အိမ်နားက ဆိုင်ကို လိုက်သွားပြီးအအေးသောက်ရင်း သူက ဆိုင်ကယ်နဲ့ မြို့ထဲကို လိုက်ပို့ပေးမယ်ဆိုလို့ ထပ်ပြီး စောင့်ရပြန်ပါရော…
လိုက်မပို့တော့ဘူးဆိုတဲ့ သူငယ်ချင်းက ရုတ်တရက် ဆိုင်ကယ်နဲ့ရောက်လာပြီး Titiwansa ပန်းခြံဘက်ကို လိုက်ပို့တော့ စိတ်ညစ်တာတွေတောင် ဘယ်ရောက်ကုန်မှန်းမသိ အတိုင်းမသိ ပျော်သွားတာ… ပန်းခြံထဲမှာ ဘောလုံးကစားတဲ့သူက ကစား လမ်းလျှောက်တဲ့သူက လျှောက်နဲ့နောက်တစ်ခေါက်တောင် ထပ်သွားချင်လိုက်သေးတယ်… တပြိုင်နက်တည်း ဆိုင်ကယ်နဲ့ ပို့ပေးမယ်ဆိုပြီးသွားယူတဲ့ သူငယ်ချင်းက ကျန်ခဲ့လေတော့ စိတ်မကောင်းဖြစ်မိသေးတယ်… သူတို့အိမ်ဘက်ကို ပြန်ရောက်တော့ ကျွန်မပြန်ဖို့ရာ အတွက်လောရပြန်ပါတော့တယ်…
တော်တော်လည်း နောက်ကျနေပြီ ကားလက်မှတ်ကလည်း ဘယ်ဆီနေမှန်းမသိသေးဘူးဆိုတော့လေ… မောင်လေးတွေကလည်း စိတ်ပူကြတော့ ဖုန်းခဏခဏ ဆက်လို့ပေါ့… ကံကောင်းချင်တော့ bus terminal မှာကားလက်မှတ်က အလွယ်တကူပဲဝယ်လို့ရနေသေးလို့… အဲလို ကားလက်မှတ်ဝယ်ရတာ လွယ်တယ်ဆိုတာသိရင် ဒီလောက်လဲစိတ်မပူသလို စိတ်လည်း ညစ်မှာ မဟုတ်ဘူးပေါ့… ဘယ်ကိုပဲသွားသွားပျော်နေမှာသေချာတယ်… ခုတော့ လျှောက်သွားရလို့ ပျော်နေပေမယ့် ကားလက်မှတ်ဝယ်ရတာ အဆင်မှပြေပါ့မလားလို့ တွေးပူရတာနဲ့ လွတ်လွတ်လပ်လပ်မရှိဘူးပေါ့…
လက်မှတ်ရသွားပြီဆိုတော့ သူငယ်ချင်းတွေနဲ့ အတူညစာကို ပျော်ရွှင်စွာနဲ့ပဲသွားစားခဲ့ပါတယ်… ကိုယ့်အတွက်တော့ နေရာသစ်မှာ အစားအစာအသစ် ကိုခုလိုမျိုး စားဖို့ တစ်ခါမှ မမျှော်လင့်ခဲ့မိဘူး… အတိုင်းထက်အလွန်ပါပဲ… အစစ အရာရာ လိုက်ပြီး ကူညီပေး ကျွန်မနဲ့ ထပ်တူပူပန်ပေးကြတဲ့ သူငယ်ချင်းတွေကို ဖေါ်ပြလို့ မရအောင်ကို ကျေးဇူးတင်မိပါတယ်….
ညစာ စားတော့လည်း အမြဲတမ်းလွဲတတ်တဲ့ကျွန်မ ဖုန်းမှာ alarm ပေးပြီးမှ စိတ်ဖြောင့်လက်ဖြောင့် စားဖြစ်ပါတော့တယ်… စားသောက်ပြီးတော့ bus terminal ကို ပြန်ပြေးရတော့တာပေါ့… ဟိုလဲရောက်ရော အချိန်နဲနဲရတာနဲ့ ဓါတ်ပုံလေး ဘာလေးရိုက် လိုက်ပို့ပေးတဲ့သူငယ်ချင်းတို့ကို နှုတ်ဆက်ပြီး၊ Kuala Lumpur ဆိုတဲ့မြို့ကြီးကို အပြီးအပိုင်နှုတ်ဆက်ခဲ့ပါတယ်….
တွေ့ကြုံ ဆုံကွဲ ဖြစ်မြဲဓမ္မတာမို့ တွေ့ဆုံပြီးရင် ခွဲခွါရမယ်ဆိုတာ ကြိုသိပေမယ့် ရင်ထဲမှာ ဟာတာတာနဲ့ပါ… ခွဲခွါရတဲ့ သူတိုင်း ခံစားချက်တူရင် ခံစားရတာလဲ အတူတူပဲ ဖြစ်ကြမှာပါ… ကားပေါ်ရောက်တော့ မောင်လေးက တစ်ယောက်ထဲအားငယ်နေမှာစိုးရိမ်တဲ့အတွက် ဖုန်းပြောပြီး အားပေးရှာပါတယ်… ကားမူးလို့ အိပ်ပျော်သွားတဲ့ ကျွန်မ ဘယ်အချိန်ဖုန်းကျသွားလဲတောင် မသိလိုက်ပါဘူး…
ကျွန်မရဲ့ ဒီစွန်စားမှု ရက်တိုခရီးလေးဟာ အလွဲလေးတွေနဲ့ စပြီး အလွဲလေးတွေနဲ့ ပြန်လာခဲ့တာမို့ ကိုယ့်ကိုယ်ကို အားမလိုအားမရ ဖြစ်ရသလို စိတ်လဲ အရမ်းလှုပ်ရှားရပါတယ်… အရမ်းဂရုစိုက်ကြတဲ့ မောင်လေးတွေရယ် သူငယ်ချင်းတွေရယ်နဲ့ လျှောက်လည်ရ ပတ်ရတဲ့အတွက်လည်း အရမ်းပျော်ရွှင်ခဲ့ရပါတယ်… ကိုယ်အတွက် မရင်းနှီးတဲ့ နေရာဒေသ အသစ်ကို သွားရလို့လဲ ဗဟုသုတွေတိုးပွားသလို ကြည်နူးမှုလည်း ခံစားရပါတယ်… အဲဒီအကြောင်းတွေကို ပြန်စဉ်းစားတိုင်း ပျော်လို့ မဆုံးနိုင်သေးဘူး… ကျွန်မကို ခံစားမှုရသ မျိုးစုံပေးတဲ့ ဒီခရီးတိုလေးဟာ ကျွန်မ ဘ၀မှာ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်တော့ပါဘူးရှင်…