ကျွန်မ ချစ်ရတဲ့ အကိုက ဖုန်းဆက်တဲ့ချိန် ဒီနေ့အရမ်းပျော်တယ်ပြောတော့ အံသြတကြီးနဲ့ ဘာဖြစ်ရပြန်တာလဲတဲ့… ကျွန်မ အလုပ်ထဲမှာ မပျော်တိုင်း စိတ်ညစ်တိုင်း သူ့ကိုပဲ နားပူနေကြဆိုတော့ ဒီနေ့ ကျွန်မပြောတဲ့ ပျော်တယ်ဆိုတဲ့ စကားကို မယုံတာလဲ ပါမှာပေါ့… ဘာလို့ပျော်တာလဲလို့ ကျွန်မ ကို မေးခွန်းပြန်မေးပါတော့တယ်… ရုတ်တရက် မမျှော်လင့်တဲ့ မေးခွန်းကို မေးလိုက်တော့ ဘာဖြေရမှန်းမသိ ဖြစ်သွားတယ်… အကိုဖုန်းခေါ်လို့ ပျော်တာပေါ့လို့ပဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေမိတယ်... တကယ်တော့ အိမ်ပြန်ရဖို့ ရက်တွေ နီးလာလို့ ပျော်တာပါ…
ပြီးတော့ အချစ်ရဆုံး သူငယ်ချင်းလေးက အိမ်ကိုလာလည်တယ်လေ… သူရောက်တော့ ဟင်းတွေ ဘာတွေချက်ပြုပ်စားသောက် ရယ်စရာတွေပြောလိုက်နဲ့ စိတ်ညစ်တာတွေတောင် ဘယ်ရောက်ကုန်လဲ မသိတော့ဘူးး… ပိုပြီးချစ်ဖို့ကောင်းတာက ကျွန်မ အရမ်းကြိုက်တတ်တဲ့ ပုဇွန်ကို တစ်လစာလောက် ၀ယ်လာလိုက်သေးတယ်…. အရင်ကဆိုရင် ကျွန်မဆီ လာလည်တိုင်း မရောက်ခင်ကတည်းက ပြန်ဖို့ရာ ပြင်ဆင်တတ်တဲ့ သူကလေ ဒီတစ်ခါ အေးဆေးပဲဆိုတော့ ရေချိုးပြီးမှပဲ လိုက်ပို့ပေးဖြစ်တယ်.. သနပ်ခါး ပါးကွက်ကြား အဖွေးသားနဲ့ သူပြန်တာကို လိုက်ပို့ပေးတော့ သူကပြောတယ် “ငါသာဆိုရင် သနပ်ခါး ပါးကွက်ကြားနဲ့ အပြင်မထွက်ရဲဘူးတဲ့” ဒါပေမယ့် သူကလေ လမ်းပေါ်မှာ ခွက်ထိုးခွက်လန် ရယ်ဖို့ကျတော့ မရှက်တတ်တော့ပြန်ဘူး…
ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက် ရယ်စရာတွေပြောပြီး လွတ်လွတ်လပ်လပ် ရယ်နေကြတာ စိတ်ညစ်စရာတွေကိုတောင် မေ့လို့ပေါ့… အလုပ်ထဲမှာ စိတ်ဖိစီးမှုတွေနဲ့ ပိနေတဲ့ကျွန်မ တစ်ယောက် ဒီလိုကြပြန်တော့လည်း စင်္ကာပူကြီးက နေပျော်စရာ ကောင်းသားလို့ တွေးနေမိတယ်….
Thursday, September 22, 2011
Thursday, September 8, 2011
သင့်ကိုယ်သင် မြှင့်တင်ပါ
ခင်ဗျားဟာ ဖုန်းအသစ်လဲရာမှာ ခြေအိတ်အသစ်လဲတာထက် အကြိမ်တွေ များချင်များမယ်။ ပြီးတော့ ကွန်ပျူတာကိုလည်း တနှစ်တခါလောက် အဆင့်မြှင့်ချင်မြှင့်မယ်။ အဝတ်ဗီရိုကိုလည်း ရာသီအလိုက် အမျိုးမျိုးပြင်မယ်။ ဒါ့အပြင် ခင်ဗျားစီးနေတဲ့ ကားကိုလည်း ပိုကောင်းမယ်ထင်တဲ့ကားနဲ့ အလိုက်ပေးပြီး ၄-၅ နှစ် တခါလောက် လဲချင်လဲလိုက်ဦးမယ်။ ဒါပေမဲ့ မေးချင်ပါတယ်။ ခင်ဗျားကိုယ် ခင်ဗျားတော့ ယိုယွင်းကျဆင်းလာနေတာတွေကို ပြန်တက်လာအောင် ဆိုပြီး ဘယ်တုန်းကများ လုပ်ခဲ့ဖူးပါသလဲ။
အဲဒီလို ကိုယ့်ကိုယ်ကိုယ် ဦးခေါင်းမှ ခြေဖျားအထိ ဒီနှစ်မှာတော့ ပိုပြီး ကျန်းမာအောင် ချမ်းသာအောင်နဲ့ ပညာဉာဏ်တွေ တက်လာအောင် လုပ်ချင်ရင်လုပ်နိုင်စေမယ့် နည်းလမ်းကလေးတွေကို ဖတ်ကြည့်ပါ။ လုပ်လည်းလုပ်ကြည့်ပါ။
အသက်ပိုရှည်စေဖို့---
ကမ္ဘာတဝန်းမှာ လူ့သက်တမ်းဟာ ပျမ်းမျှအားဖြင့် ၆၇-နှစ်သာ ရှိပါတယ်။ ဒါပေမဲ့ မကြာခင်မှာ အသက်တွေ ပိုပြီး ရှည်ရှည်နေနိုင်လာမယ့် အလားအလာတွေ ရှိနေပါတယ်။ အသက် ၁၅၀-ရောက်တဲ့အထိ ယိုင်ယဲ့ယဲ့နဲ့ မေ့မေ့လျော့လျော့တွေ မဖြစ်ဘဲ နေနိုင်ကြမယ့် အလားအလာတွေလည်း ရှိနေပါတယ်။ ဒါဟာ နိုးနိုးကြားကြားနဲ့ သွက်သွက်လက်လက် လှုပ်ရှားပြီး နေနိုင်ကြမှာပါ။ ဒီသဘောကို “အသက်ကြီးရင့်မှုဆိုင်ရာ အဖွဲ့ကြီး”ရဲ့ သုတေသနပညာရှင်ဖြစ်သူ ဂျော့(ခ်ျ)၊ အက်စရော့(သ်) (George S. Roth)က ပြောပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျန်းမာချမ်းသာစွာနဲ့ ပိုပြီး အသက်ရှည်ရှည်
နေသွားနိုင်စေမယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
Show/Hide

ခပ်များများ လျှော့စားပါ---
ခပ်ဝဝဖြစ်နေတဲ့ ကိုယ်ခန္ဓာကို ချပ်ချပ်ရပ်ရပ် ဖြစ်သွားအောင် အလေးချိန် လျှော့ချတာဟာ (အနေတော်ရှိလျက်နဲ့ အရိုးပေါ် အရေတင်ဖြစ်အောင် အငတ်ခံခြင်းမဟုတ်) ရောဂါမဖြစ်စေဖို့ ကာကွယ်ပါတယ်။ ကာလိုရီ ထိန်းချုပ်ခြင်းဆိုတဲ့ စားတဲ့ပမာဏကို လျှော့ချပေးခြင်းဟာ အိုမင်းရင့်ရော်ခြင်း ကိုပင် တုံ့ဆိုင်းသွားစေနိုင်ဖွယ် ရှိပါတယ်။ ကြွက်များကို ကာလိုရီအလွန်နည်းတဲ့ အစားအစာတွေ
ကျွေးကြည့်တဲ့အခါမှာ ဆီးချိုမဖြစ်၊ အဝလွန်တာတွေ ဖြစ်မလာတော့ဘဲ သူတို့အထဲက အနည်းအကျဉ်းသာ ကင်ဆာဖြစ်ပါတယ်။ ဒါတွေဟာ ငြင်းလို့မရတဲ့ တွေ့ရှိချက်တွေ ဖြစ်ပါတယ်။
လူတွေမှာလည်း ဒီအတိုင်းပဲ ဖြစ်မယ်လို့ ကျုပ်တော့ ယုံကြည်တယ်-လို့ ဒေါက်တာရာဗတ်ဆန် (Dr. Ravussin, PHD, PROF at Pennington Biochemical Research Center in Baton Rouge, Louisiana) က ပြောပြပါတယ်။ သူ့ရဲ့ လေ့လာချက်အရ လူတွေဟာ ကယ်လိုရီစားသုံးမှုကို (၂၅)ရာခိုင်နှုန်း လျှော့ချလိုက်ရင် မျိုးရိုးဗီဇပျက်စီးမှုဟာ သာမန်ထက် လျော့သွားပြီး အင်ဆူလင် (Fasting Insulin) နဲ့ ကိုယ်အပူအချိန်ဟာ လျော့စေပါတယ်။ ဒီနှစ်မျိုးဟာ အသက်ရှည်ရေးနဲ့ ဆက်နွှယ်နေပါတယ်။
ကယ်လိုရီစားသုံးမှုကို ထိန်းချုပ်ရတာဟာ မလွယ်လှပါဘူး။ ခင်ဗျားအနေနဲ့ သာမန်ထက် 25% မှ 40%အထိ လျှော့စားရမှာပါ။ သကြားနဲ့ အဆီတွေ လျော့နည်းပြီး စားသမျှအစာတွေဟာ အာဟာရ အလွန်ပြည့်ဝတဲ့ အစာတွေ ဖြစ်ရပါလိမ့်မယ်။ ပုံမှန်ညစာဆိုရင် ဆာမွန်ငါး ၂-အောင်စ၊ ဘရိုကိုလီခေါ်တဲ့ အစိမ်းရောင် ပန်းဂေါ်ဖီ တမြောင်းနဲ့ ဂျုံကြမ်းခေါက်ဆွဲ တခွက်မှာ ခရမ်းချဉ်သီး နေလှန်းခြောက် ၆-ခု၊ ရှိတာကေမှို ၅-ပွင့်၊ စပဲဂက်တီ (အီတလီခေါက်ဆွဲ) ၁/၂ ခွက် ပါဝင်မှာပါ။
မိတ်ဆွေတွေဖွဲ့၊ အိမ်ထောင်ပြု၊ ခွေးတကောင်မွေး---
ဒါတွေက ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ပံ့ပိုးမှုများ ဖြစ်ပါတယ်။ မိတ်ဆွေတွေ၊ မိသားစုတွေ၊ အိမ်နားနီးချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိတာဟာ အသက်ကြီးလာတဲ့အခါမှာ ခင်ဗျားရဲ့ သွေးထဲမှာ လေဖြတ်, နှလုံးရောဂါ ဆိုတာတွေ မဖြစ်အောင် ကာကွယ်တတ်ကြပါတယ်။
အိမ်ထောင်ပြုလိုက်ခြင်းဟာလည်း ဇရာတားနည်း တမျိုးပါပဲ။ အိမ်ထောင်ပြုရင် ယောက်ျားများမှာ အသက် ၇-နှစ်လောက် ပိုရှည်တတ်ပြီး အမျိုးသမီးများမှာ ၃-နှစ်လောက် ပိုပြီး နေရတတ်ပါတယ်။
ခွေးတို့၊ ကြောင်တို့ မွေးတာဟာလည်း စိတ်ဖိစီးမှု လျော့စေပြီး သွေးတိုးကျစေတတ်ပါတယ်။ လေဖြတ်ပြီး မသေဘဲ ရှင်ကျန်သူများဆိုရင်လည်း သာမန်ထက် အသက်ပိုရှည်စေပါတယ်။
လှုပ်လှုပ်ရှားရှား နေပါ---
အသက်တွေ ပိုရှည်ပေမယ့် နာမကျန်းဖြစ်နေရင် ဒါမှမဟုတ်-မသန်မစွမ်း ဖြစ်နေမယ်ဆိုရင် ဘဝဟာ ပျော်ရွှင်ကျေနပ်စရာ မကောင်းနိုင်ပါဘူး။ ဘဝတန်ဖိုး မရှိလှဘူးပေါ့။ ကံကောင်းနိုင်တာက အသက်နည်းနည်းရလာရင် လေ့ကျင့်ခန်း လုပ်ပေးတာဟာ နေရသမျှ ဘဝရဲ့တန်ဖိုး ပိုတက်လာစေနိုင်ခြင်းပဲ
ဖြစ်ပါတယ်။ ပြေးတာတို့၊ အနှေး ပြေးတာတို့အထိ မလိုအပ်ပါဘူး။ ခပ်သွက်သွက် လမ်းလျှောက်ပေးတာနဲ့ပဲ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိလာမှာ ဖြစ်ပါတယ်။ တနေ့မှာ မိနစ် ၃၀-လောက် လမ်းလျှောက်ဖို့ မှန်းထားပါ။ တကြောတည်း လျှောက်နိုင်ရင်လည်း လျှောက်ပါ။ ဒါမှမဟုတ်ရင်လည်း ၁၀-မိနစ်လောက် ၃-ခါခွဲပြီး လျှောက်ရင်လည်း ရပါတယ်။ ဒါ့အပြင် (Resistance Training) လို့ခေါ်တဲ့ အားစိုက်ပြီး ဆွဲတင်၊ ဆွဲမ၊ တွန်းတင်၊ ထိုင်ထ အစရှိတဲ့ လေ့ကျင်ခန်းတွေနဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေလည်း လုပ်ပေးပါ။
စပျစ်ဝိုင် အနီ ခပ်ကြည်ကြည်---
စပျစ်ဝိုင်အနီမှာ ပါတဲ့ ရက်စ်ဗာရေထရိုးလ် (Resveratrol) ဓာတ်ဟာ ဇရာကို အတော်ကလေး တားဆီးနိုင်ပုံရပါတယ်။ သုတေသနများရဲ့ ညွှန်ပြပုံက သူ့ကို သောက်သုံးခြင်းဟာ ကာလိုရီစားသုံးမှု ကန့်သတ်တာလိုပဲ၊ ဆာလောင်မွတ်သိပ်မှု မရှိဘဲ အသက်ပိုရှည်စေတဲ့ အာနိသင်တွေ ရှိနေပါတယ်။ သတိထားစရာတော့ ရှိပါတယ်။ သောက်သုံးသင့်တယ်ဆိုတဲ့ ပမာဏဟာ အတော်များပါတယ်။ ဒါကြောင့်လည်း အလားတူ ထိရောက်မှုရှိတဲ့ ဆေးလုံး ထုတ်ဖို့ ကြိုးစားနေကြပါတယ်။ အဲဒီဆေးလုံး မရနိုင်သေးမီမှာတော့ ညစာနဲ့အတူ ဝိုင်အနီ အနည်းငယ်ကို အရသာခံပြီး သောက်ပေးရင် သိပ်မဆိုးဘူးလို့ ဆိုရမှာပါ။
အကျိုးရှိရှိ အိပ်ပါ---
အိပ်မပျော်နိုင် ဖြစ်နေသလား၊ ခင်ဗျားလို ပရိသတ်အများကြီး ရှိပါတယ်။ အာရှတခွင်က လူသန်းပေါင်း များစွာတို့ဟာ အားပြန်ပြည့်အောင် အိပ်ပျော်ရေးမှာ အခက်တွေ့နေကြရပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနအရအိပ်ပျက်ခြင်းနဲ့ ကျန်းမာရေး ပြဿနာများရဲ့ ဆက်စပ်ပုံတွေကို လေ့လာခဲ့ကြရာမှာ
သွေးတွေတိုး၊ ကိုယ်အလေး တက်နဲ့ဆိုတော့ အိပ်စက်မှု အလေ့အထကို ဂရုစိုက်ပြီး ပြုပြင်သင့်ကြောင်း သိလာရပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ကြရမှာပါလဲ။
ခင်ဗျားအနေနဲ့ ဆေးဝါးတွေ မှီဝဲကြည့်ဖူးမှာပါ။ ကဖိန်းတို့၊ နီကိုတင်းတို့ အရက်တို့ကို ဝေးဝေးရှောင်ရမယ် ဆိုတာတော့ သိပြီးသား ဖြစ်မှာပါ။ ပြီးတော့ အိပ်ရာမဝင်မီ ၂-နာရီအတွင်းမှာ ကာယလေ့ကျင့်ခန်း ပြင်းပြင်း ထန်ထန်တွေ မလုပ်သင့်ပါဘူး။ အစားတွေ များများမစားသင့်ဘူးဆိုတာလည်း ကြားဖူးနားဝ ရှိပြီးသား ဖြစ်မှာပါ။ ပြီးတော့ အချိန်မှန်မှန်အိပ်၊ အချိန်မှန်မှန်ထ ဆိုတဲ့ အချိန်ဇယားနဲ့လည်း ကြိုးစားခဲ့ပြီး ဖြစ်ချင်ဖြစ်မှာပါ။ ဒီကိစ္စမှာ ကျွမ်းကျင်တဲ့ ပညာရှင်များက ခင်ဗျား မကြားဖူးသေးတဲ့ အိပ်ပျော်စေမယ့် နည်းလမ်းကလေးတွေ ပေးထားပါတယ်။
စိတ်ပူပန်မှုတွေ ထွက်သွားအောင် လုပ်ပါ---
စိုးရိမ်ပူပန်မှုတွေဟာ တိတ်ဆိတ်တဲ့ ညအခါမှာ ပိုပြီး ပုံကြီးချဲ့သလိုမျိုး ဖြစ်လာတတ်ပါတယ်။ အဲဒါကို ဖြေရှင်း လိုက်ရင် အိပ်ပျော်စေဖို့ အကူအညီ ရသွားနိုင်ပါတယ်။ စိုးရိမ်ပူပန်စရာတွေကို အိပ်ရာမဝင်မီမှာ “ဒါတွေလုပ်ဖို့လိုတယ်၊ ဒါတွေကို ဘယ်တော့ပြီးအောင် လုပ်ဖို့လိုတယ်”စသည်ဖြင့် စာရွက်ပေါ်မှာ
ရေးချကြည့်ခြင်းဟာ ဒီပြဿနာကို ပိုပြီး ကိုင်တွယ်စေနိုင်တတ်ပါတယ်။
သက်သောင့်သက်သာ ရှိစေဖို့အတွက် တခုခုကို လုပ်လိုက်ပါ။ သင့်ဘဝ ကြင်ဖော်ကို နှိပ်ပေးဖို့ ခိုင်းချင်လည်း ခိုင်းကြည့်ပါ။ ခြေထောက်ကစပြီး ဦးခေါင်းအထိပေါ့။ ဒါမှမဟုတ်ရင်လည်း သာမန်ယောဂ လေ့ကျင့်ခန်း ကလေးတွေကို စမ်းကြည့်ချင်ရင်လည်း စမ်းကြည့်ပါ။ ခြေနှစ်ဖက်ကို ခါးအကျယ်လောက် ခွါပြီးရပ်၊ ခေါင်းကို ရှေ့သို့ ကိုင်းညွှတ်ချ၊ ဦးခေါင်းနဲ့ လက်တွေကို တွဲလောင်းချပြီး လည်ပင်းနဲ့ပုခုံးထဲက တင်းကျပ်မှုတွေကို လွှင့်ထုတ်ပစ်လိုက်ပါ။ ဒါမှမဟုတ်ရင်လည်း ပက်လက်လှဲချလိုက်ပြီး ခြေထောက်မှ စပြီး နဖူးအထိ တဆင့်ပြီးတဆင့် တင်းပေးလိုက်၊ လျှော့ပေးလိုက် လုပ်လုပ်ပြီး ကြွက်သားတွေကို အဆင့်ဆင့် ပြေလျှော့ပေးတာမျိုး လုပ်ပေးပါ။
မကြာခဏ သမ်းဝေနေပါသလား၊ ကျွမ်းကျင်သူအချို့ရဲ့ အဆိုအရ ဒါဟာ ဦးနှောက်ကို အောက်ဆီဂျင်
ရောက်ရှိမှု မလုံလောက်လို့ ဖြစ်ရတာမျိုးပါ၊ နက်နက်ရှိုင်းရှိုင်း အသက်ရှူထုတ် လေ့ကျင့်ခန်းကို လုပ်ကြည့်ပါ။ ရင်ထဲဝမ်းထဲကို လေတွေ ဝင်နိုင်သလောက်ဝင်အောင် ရှူလိုက်ထုတ်လိုက်နဲ့ လုပ်ပေးရင် တင်းကျပ်နေတဲ့စိတ်တွေ လျော့ကျသွားပြီး သမ်းဝေခြင်းတွေ ထွက်ပြေးတော့မှာပါ။
သင့်အိပ်ရာကို တမျိုးပြင်ပါ---
အိပ်ရာကို အိပ်ရတာ ပိုကောင်းအောင်၊ အဆင်ပြေအောင် ပြင်ကြည့်ပါ။ အနီးအနားအခန်းက အသံတွေကြောင့် အိပ်မပျော်နိုင် ဖြစ်နေရင် အိပ်ရာကို အခြားတဖက် နံရံဆီကို ရွှေ့ပစ်လိုက်ပါ။ ပျော့ဖတ်ဖတ်ဖြစ်နေတဲ့
မွေ့ရာနဲ့ ခေါင်းအုံးတွေကို လှဲလယ်ပစ်လိုက်ပါ။ အိပ်ခန်းထဲမှာ ကွန်ပျူတာ ထားမှဖြစ်မယ်ဆိုရင်တောင် ကွန်ပျူတာကထွက်တဲ့ အလင်းရောင်ကို တခုခုနဲ့ အုပ်ထား၊ တားထားလိုက်ပါ။
အကယ်၍ တယ်လီဗေးရှင်းကို ဖွင့်ထားရင်းနဲ့ အိပ်ချင်တယ်ဆိုရင်လည်း သူ့ဘာသာသူ ပိတ်သွားစေတဲ့ ခလုတ် (Timer) ကို နှိပ်ထားလိုက်ပါ။ ခြိုးခြိုးချွတ်ချွတ် အသံထွက်စရာ ရှိသမျှတွေကိုလည်း အသံမထွက်အောင် လုပ်ထားလိုက်ပါ။ တိတ်ဆိတ်ချိန်မှာ ဒီအသံမျိုးကလေးတွေက အတော်ဒုက္ခပေးတတ်ပါတယ်။ ဖြစ်နိုင်ရင် မိမိအတွက် သင့်တော်မယ့် အအေးဓာတ်-အနွေးဓာတ် ရအောင် အိပ်ခန်းရဲ့ အပူအအေးကို သေချာ ညှိထားပါ။ လူတွေဟာ အပူအအေးကြိုက်ပုံ မတူတတ်ကြပါဘူး။
ညဘက်မှာ အလင်းရောင်တွေ လျှော့ချထားပါ---
အလင်းရောင်များနေတာဟာ ဦးနှောက်ကို နိုးကြားမှု ဖြစ်စေတတ်ပါတယ်။ အိပ်ရာမဝင်မီ ၂-၃ နာရီကြိုပြီး မီးရောင်တွေကို လျှော့ချပစ်ပါ။ အိပ်ရာဝင်ချိန်မှာ မီးရောင်ဟာ မြင်သာရုံထက် မပိုတာ အကောင်းဆုံး
ဖြစ်ပါတယ်။ ခင်ဗျားရဲ့ အိပ်ရာပေါ်ကို နေရောင် လရောင်၊ လမ်းမီးရောင်တွေ တိုက်ရိုက် မကျအောင် စီစဉ်ထားသင့်ပါတယ်။
အိပ်ပျော်ခြင်းနဲ့ နိုးထခြင်းတို့ရဲ့ တလှည့်စီ လည်ပတ်နေမှုကို အချိန်နှင့်တကွ ဦးနှောက်မှာ စွဲသွားအောင် အိပ်ရာက ထတာနဲ့ တနာရီအတွင်းမှာ စူးရှတဲ့ အလင်းရောင်တွေနဲ့ နေလိုက်ပါ။ မိနစ် ၃၀-လောက် အပြင်ထွက် လမ်းလျှောက်ပါ။ ဒါမှမဟုတ်ရင်လည်း အလင်းရောင် အများဆုံးရတဲ့ အိမ်ရဲ့ အစိတ်အပိုင်းမှာ နေလိုက်ပါ။
မိနစ် ၂၀-စည်းမျဉ်းကို လိုက်နာပါ---
အိပ်ရာဝင်ပြီးလို့ မိနစ် ၂၀-လောက်ကြာလို့မှ အိပ်မပျော်နိုင်ရင် (တရေးနိုးပြီး ပြန်အိပ်တာ အပါအဝင်) တခြား အခန်းတခုထဲကို သွားပြီးတော့ အိပ်ငိုက်လာတဲ့အထိ တခုခုကို လုပ်နေလိုက်ပါ။
“မိမိရဲ့ အိပ်ရာဟာ အိပ်စက်ခြင်းနဲ့သာ ဆက်နွယ်မှုရှိရမှာ ဖြစ်ပါတယ်။ လှုပ်ရှားတက်ကြွမှုများနဲ့ မဆက်နွယ်စေသင့်ပါဘူး” လို့ ဒေါက်တာ ကူရှိဒါ (Dr. CLETE RUSHIDA, DIREDTOR OF THE STANFORD UNNERSITY CENTER FOR HUMAN SLEEP RESEARCH) က ပြောပါတယ်။ မိနစ် ၂၀-ရယ်လို့သာ မှန်းပါ။ နာရီကို မသုံးပါနဲ့။ အဲဒါမျိုးက နိုးကြားမှုနဲ့ အာရုံစူးစိုက်ရမှုတွေ ဖြစ်ရစေတတ်လို့ပါ။
အာရုံစူးစိုက်ရတာမျိုး၊ ဥပမာ-အားစိုက်လုပ်ရတဲ့ ကာယလေ့ကျင့်ခန်း၊ သန့်ရှင်းရေးအလုပ်၊ ဒါမှမဟုတ် စိတ်လှုပ်ရှားစေတဲ့ သတင်းတွေ ကြည့်ရှုနားထောင်တာမျိုးတွေကို ရှောင်ကြဉ်ပါ။ စိတ်လက်ပေါ့ပါးစွာ ဖတ်ရတဲ့ စာမျိုး ဖတ်တာတို့ ၊ တေးဂီတငြိမ့်ငြိမ့်ကလေးကို နားထောင်တာတို့ကို လုပ်ကြည့်ပါ။

Tuesday, July 5, 2011
ကျွန်မ ဘ၀ အလွဲများ
ကျွန်မ ခရီးသွားရခြင်းကို အရမ်းနှစ်သက်ပါတယ်…. ကျောင်းတက်ကတည်းက သူငယ်တွေနဲ့ အမြဲလိုလို အပြင်သွားဖြစ်ကြတယ်…. အဲလို သွားကြတိုင်းလဲ အမြဲတမ်းလိုလို လွဲတတ်ကြပါတယ်…
ခုလည်း တစ်ယောက်ထဲခရီးသွားဖို့ မလွဲအောင်သေချာပြင်ဆင်ထားတာတောင်မှ လွဲဖြစ်အောင် ထပ်ပြီးလွဲသေးတယ်… သူငယ်ချင်းတွေနဲ့ မလွဲရရင် တစ်ယောက်တည်းကို လွဲနေတော့တာ…
မလေးကို အလည်သွားမယ်ဆိုပြီး တလလောက် ကြိုတင်သေချာပြင်ဆင်ထားတာ… ရထားနဲ့သွားမယ်ဆိုပြီး လက်မှတ်ကို ကြိုတင်ဖြတ်ပေမယ့်မရတော့ဘူး… သူငယ်ချင်းကို ဖြတ်ခိုင်းထားတာဆိုတော့ မရဘူးဆိုတာကိုလည်း သွားမယ့်နေ့မှ သေချာသိရတယ်လေ အဲဒီမှာအလုပ်ရှုပ်တော့တာပဲ… မလေးက အလည်ပြန်လာခါစ သူငယ်ချင်းကိုပဲ အနှောင့်အယှက်ပေးရတော့တယ်… သူက ကူညီပြီး စုံစမ်းပေးလို့သာ KL သွားဖြစ်တာ…
လက်မှတ်က လက်ထဲမှာ မရှိသေးပေမယ့် ဟိုမှာရှိတဲ့ မောင်လေးတွေကို အကြိုခိုင်းထားပြီးပြီလေ… မသွားဖြစ်လို့ မရတော့ဘူးပေါ့… ရောက်ဖူးချင်တာက တစ်ကြောင်း မောင်လေးတွေနဲ့ တွေ့ချင်တာက တစ်ကြောင်းကြောင့် မဖြစ်မနေ လက်မှတ်ကို ရအောင် ၀ယ်ရတော့တာပေါ့… အလုပ်ထဲမှာဆိုတော့ နေ့ခင်း ထမင်းစားချိန်မှာဘဲ Taxi နဲ့သွားဝယ်တာ မလေးသွားဖို့ ကားလက်မှတ်ထက် Taxi ကားခက ပိုဈေးကြီးသွားတယ်… လက်မှတ်ဝယ်ရတာ ခက်တယ်ဆိုတော့ အသွားအပြန်တခါတည်းပဲ ၀ယ်ခဲ့လိုက်တယ်
ဒီလိုနဲ့ အလုပ်ကပြန်လာတော့ ကားဂိတ်သွားဖို့ အဖေါ်မရှိတာနဲ့ ခင်တဲ့အကိုကြီးတစ်ယောက်ကို ချောဆွဲသွားလိုက်တာပေါ့… ဒီလို တစ်ယောက်ထဲ ပထမဆုံးခရီးထွက်ရတာရယ် ကိုယ်နဲ့ မရင်းနှီးတဲ့ဒေသအစိမ်းကိုသွားရတာဆိုတော့ တော်တော်ရင်ခုန်တယ် စိတ်လဲလှုပ်ရှားမိတယ်… အချစ်ဆုံးသူငယ်ချင်းလေးကလည်း စိတ်မချနိုင်ဘူး.. ကားပေါ်မတက်မချင်း ဂရုစိုက်ဖို့ အတန်တန်မှာနေတော့တာပဲ… ဟိုရောက်လို့ လိုအပ်ရင် အကူအညီတောင်းလို့ရအောင်ဆိုပြီး သူ့သူငယ်ချင်းရဲ့ ဖုန်းနံပါတ်ကို ပေးလိုက်သေးတယ်…
Show/Hide
ကားပေါ်တက်ပြီး ထွက်လာလိုက်တာ ဘယ်ကိုမှမစူးစမ်းနိုင်ခဲ့ဘူး ကားမူးလို့ခေါင်းကိုမထောင်နိုင်ရှာဘူးလေ.. ဖြစ်ချင်တော့ ကားကလည်း ရောက်တာတစ်နာရီလောက် နောက်ကျသေးတယ်လေ…. နောက်ကျပါတယ်ဆိုမှ လာကြိုတဲ့ မောင်လေးနဲ့ သူငယ်ချင်းက စောင့်မနေဘူးလေ တခြားမှာသွားပြီ လက်ဘက်ရည် သောက်တာတဲ့လေ… ကြောက်တာကတော့ နေစရာကို မရှိဘူး… မောင်လေးလဲရောက်လာရော ၄နှစ်လောက်ခွဲခွါနေရတဲ့ သူ့ကို သေချာဂရုစိုက်ကြည့်မှ ပုံဖမ်းမိတော့တယ်…မမှတ်မိလောက်အောင် ထွားလာဝလာလိုက် လူကိုမှားတော့တာ..
သူကလည်း ကိုယ့်ကို အံသြတင်္ကြီးကြည့်လို့လေ ငယ်ငယ်က အရမ်းဝတဲ့ကျွန်မ ခုတော့လှချင်တာက တစ်ကြောင်း အလုပ်အပြောင်းအလဲက တစ်ကြောင်းကြောင့် တော်တော်ပိန်သွားတော့ သူ့မှာ ကျွန်မကို စိတ်မကောင်းကြီးစွာနဲ့ ကြည့်လို့ပေါ့… တော်တော် သနားနေတဲ့ သူ့ပုံစံက ဖြူစင်ပြီး ချစ်ဖို့ကောင်းလိုက်တာ… အဲလိုနဲ့မောင်နှမ နှစ်ယောက်ပြောစရာ စကားတွေက မကုန်
နိုင်လောက်အောင်ပါပဲ… ငါးနှစ်လောက် ကိုယ့်ထက်ငယ်တဲ့မောင်လေးက ပြောနေတဲ့စကားတွေက ကျွန်မထက်တောင်ရင့်ကျက်နေပြီး လူကြီးဆန်နေလိုက်တာ… သြူ့ဖတ်သန်းလာတဲ့ ပတ်ဝန်းကျင်နဲ့ သူ့ရဲ့အတွေ့အကြုံတွေက သူ့ကို ဒီလို ရင့်ကျက်စေတာနဲ့ တူပါရဲ့.. သူ့ကိုကြည့်ပြီး ကလေးဆန်လွန်းတဲ့ ကိုယ့်ဘာသာတောင် ရှက်မိပါတယ်…
အဲဒီရောက်တဲ့ညမှာ သူငယ်ချင်း အိမ်မှာဘဲ အိပ်ပြီး နောက်နေ့မနက်မှ KL မှာ မောင်လေးနဲ့ လျှောက်လည်ဖြစ်တယ်… ဒီ Twins Tower ဟာ KL မြို့ရဲ့ အထင်ရှားဆုံးနဲ့ ၈၈လွှာမြင့်ပြီး ကမ္ဘာ့အမြင့်ဆုံး ဆိုတာကို သူပြောပြလို့ သိခဲ့ရပါတယ်… KLCC မှာ ဓါတ်ပုံတွေရိုက်ရတာလဲ မောင်နှမ နှစ်ယောက် မမောနိုင်မပန်းနိုင်နဲ့ပေါ့… ပြီးတော့ ဈေးကိုတစ်ပတ် လိုက်ပို့ပေးပြီး မောင်လေးတို့ဆီ Ipoh ကို အလည်လိုက်သွားတာပေါ့… မောင်လေးတို့ဆီလည်းရောက်ရော မောင်လေးကို လိုချင်တာတွေလက်ညှိုးထိုးပြီး ပူဆာတော့တာပေါ့.. ပျော်ဖို့ကောင်းလိုက်တာ လုံခြုံစိတ်ချရပြီဆိုတဲ့ အတွေးကြောင့်လည်း ဖြစ်နိုင်တာပဲ…
မောင်လေးတို့ အိမ်ကိုရောက်တော့ မောင်လေးနောက်တစ်ယောက်ရောက်လာပြီး ဈေးကိုပတ်တယ်… ပြီးမှ သူ့သူငယ်ချင်းတွေနဲ့ အတူ ညစာ စားကြတာပေါ့… မြို့တစ်မြို့ရဲ့ ညအလှကို ခံစားရလို့ ဇာတိမြို့လေးကိုတောင် ပြန်လွမ်းမိပါရဲ့… မောင်လေးသူငယ်ချင်းတွေဆိုတော့ ကိုယ့်ရဲ့ မောင်လေးတွေလိုပါဘဲ အရမ်းပျော်ဖို့ကောင်းတယ်… အဲဒီမှာတစ်ရက်ပဲ နေပေမယ့် တော်တော်လေးကို လွမ်းပါတယ် အဲဒီ မြို့လေးကို သတိရလို့ပေါ့…
နောက်တစ်နေ့မှာတော့ မနက်စောစော ထပြီး မောင်လေးအကြီးနဲ့ကားဂိတ်ကို မြန်မြန်လေး လမ်းလျှောက်ရတာ ခံစားမှုလေးက တစ်မျိုးဖြစ်လို့လေ.. မောင်လေး အငယ်ကတော့ အရင်နေ့က လည်ပြီးတာရယ် ဒီနေ့ အလုပ်ရှိတာရယ်ကြောင့် ကျွန်မတို့နဲ့ အတူလိုက်မလည်နိုင်ရှာပါဘူး… ကားလမ်းမကြီးထိလိုက်ပို့ရှာတဲ့ သူ့ကိုကြညြ့်ပီး သနားမိပါရဲ့.. ကားစီးချင်တာတောင် ကားကမရှိ လမ်းလေးကလည်းရှင်းလို့ ရွာကိုတောင် တခဏလွမ်းမိသေးတယ်… မောင်လေးနဲ့ အတူ ကားဂိတ်ဖွင့်တာကိုစောင့်ရင်း လက်ဖက်ရည်သောက်ရတာကလည်း ရွာကိုလွမ်းမိတယ်…
အဲဒီကို မသွားခင် ကြားရတဲ့ သတင်း အချက်အလက်တွေက တစ်ခုမှ မကောင်းလေတော့ သွားရတာ မပျော်တ၀က်ပျော် တစ်ဝက်ရယ်… မောင်လေးတွေနဲ့တွေ့ပြီးမှပဲ လွတ်လွတ်လပ်လပ်နဲ့ လှောင်အိမ်ထဲကငှက်ကလေး ထွက်လာရသလိုကို ပျော်တော့တာ… သူငယ်ချင်းတွေကိုတောင် တခဏ မေ့သွားတယ်လေ…
မနက်စာ စားပြီးတာနဲ့ ကားဂိတ်မှာ ကားစောင့်နေရင်း မောင်နှမ နှစ်ယောက် ပြောစရာစကားတွေ မကုန်နိုင်အောင်ပါပဲ…
ဒီလိုနဲ့ ကားကို ၂နာရီခွဲလောက်စီးပြီး KL ကို မနက် ၁၀ နာရီ ကျော်လောက် ရောက်လာပါလေရော… မောင်လေးက လည်လည်ဝယ်ဝယ်နဲ့ ဘယ်မှလည်း မသွားတတ် မလာတတ်..လိုက်ပို့ပေးပါမယ်ဆိုတဲ့ သူငယ်ချင်းကလည်းနေမကောင်းပြန် ဆိုတော့ ရောက်ပြီးတော့ပဲ ပြန်ရတော့မလိုလိုနဲ့ပေါ့….
မောင်လေးကလည်း ကြိုးစားပန်းစားနဲ့ သူ့ သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီးမေးပေမယ့်လည်း အားလုံးက သူ့လိုလူတွေချည်းပဲလေ...
အချစ်ဆုံးသူငယ်ချင်းပေးလိုက်တဲ့ သူ့သူငယ်ချင်းတွေရဲ့ ဖုန်းကို ပြန်ခါနီးမှပဲ သတိရတော့တယ်… သူတို့တွေကို လှမ်းဆက်ကြည့်တော့ အဆင်ပြေပြေတော့ ပြန်ပြောတယ်… ဆက်သာဆက်ရပေမယ့်သိပ်ပြီး မမျှော်လင့်ရဲဘူးလေ… သူတို့မှာလဲ သူတို့ အလုပ်ကိစ္စတွေ ရှိနေမှာပေါ့လို့ အတွေးနဲ့မို့ပါ… အဲဒီက သူ့ရုံးကို ခေါ်တော့ မောင်နှစ်မ နှစ်ယောက်ယောင်လည်လည်နဲ့ ရောက်သွားတာပေါ့.. ဟိုရောက်တော့ စားသောက်ဆိုင်ဆိုတော့ မဆာလည်း မှာစားလိုက်တော့တယ်…..
အချိန်က နေ့လည်ရောက်နေပြီဆိုတော့လေ… အဲဒီချိန်မှာပဲ ဖုန်းဆက်ထားတဲ့ သူငယ်ချင်းက အားရ၀မ်းသာ နှုတ်ဆက်ကြိုဆိုပါတယ်… စားပြီးသွားတော့ သွားစရာနေရာကလည်း မရှိလေတော့ သူ့ရဲ့ ရုံးခန်းကို လိုက်သွားဖြစ်တယ် … သူ့ရဲ့ သူငယ်ချင်းတွေကို ဖုန်းဆက်ခေါ်ပြီး သူအလုပ်ပြီးတဲ့ထိ စောင့်နေလိုက်ရတယ်… အလိုက်သိတဲ့ သူငယ်ချင်းက သူရဲ့ laptop နဲ့ စက်သုံးခိုင်းတော့ အတိုင်းမသိဝမ်းသာသွားတယ်… စိတ်ထဲမှာလဲ အလိုက်သိတဲ့သူ ဆိုပြီး ကျေးဇူးတော်တော်တင်နေမိတယ်… ခုမှ ခဏခွဲနေရတဲ့ online သူငယ်ချင်းများနဲ့ တွေ့ရမှာမို့လေ…
ဒီလိုနဲ့ တစ်ယောက်ကို စောင့်လိုက် နောက်တစ်ယောက်ကို စောင့်လိုက်နဲ့ အချိန်တော်တော်ကြာသွားတယ်… နေ့တစ်ဝက်ကုန်ပါလေရော… အားလုံး လူလဲစုံတော့ သွားမယ့်နေရာရွေးကြရပြန်ရော… အားလုံးသွားချင်တဲ့နေရာကို လိုက်ပို့ပေးမယ့် ကားဆရာကတော့ အတက်ကြွဆုံးပေါ့… ဟိုရွေးဒီရွေးနဲ့ SUNWAY ကိုပဲ ရွေးချယ်ပြီးသွားကြပါတယ်…
ကျွန်မရဲ့ အနှစ်သက်ဆုံး shopping mall ထဲကနေခေါ်သွားလေတော့ တော်တော်ပျော်သွားတယ်… အထဲရောက်တော့ ရေခဲပြင်စကိတ်က စီးလို့ကြိုနေပါရော… သူတို့တွေစီးတာကြည့်ပြီးအားကျလို့ အနားကနေတောင် မခွါနိုင်ရှာတဲ့ ကျွန်မ သူငယ်ချင်းတွေ အတင်းခေါ်မှပဲ ရွေ့ပါတော့တယ်… အဲဒါကလည်း ဒီထက်သာတဲ့နေရာမို့လို့ပါ.. SUNWAY ကစားကွင်းကို အထက်စီးက မြင်နေရတဲ့ ကျွန်မ တခဏ မှင်သက်မိသွားပါတော့တယ်…
တကယ်လို့ ကျွန်မ မှာသာ အချိန်တွေ အများကြီးရခဲ့ရင် အဲဒီအထဲမှာ အနှံ့လျှောက်လည်ဖို့ အတွက် စဉ်းစားနေမှာ မဟုတ်ပါဘူး…. အခုတော့ စားသောက်ဆိုင်မှာ နေ့လည်စာ စားရင် ငေးရုံနဲ့ပဲ ကျေနပ်ရတဲ့ ကျွန်မ နောက်တစ်ခါ အေးအေးဆေးဆေး ထပ်ပြီးသွားဖို့ ဆုံးဖြတ်ချက် ချမိတဲ့ထိပါပဲ…. ဒါကလည်း လိုက်ပို့ပေးတဲ့ သူငယ်ချင်းတွေရဲ့ ကောင်းမှုကြောင့်လည်း ပါတာပေါ့နော်… တချိန်ထဲမှာပဲ သူတို့တွေကို လေးစားမှုနဲ့အတူ ပိုပြီး ခင်မင်ရင်းနှီးလာပါတော့တယ်… ဓါတ်ပုံတွေကို ပုံစံအမျိုးမျိုး ရိုက်ပြီးတော့ ပြန်ဖို့ အချိန်တောင်မေ့သွားတယ်…
ကျွန်မတို့တွေ အမြန်ပြန်ကြရတော့တာပေါ့… ကျွန်မ အိမ်ကိုပြန်ဖို့ ကားမမှီမှာစိုးလို့လေ… သူငယ်ချင်းက ကားကိုမြန်မြန်မောင်းပေမယ့် ကျွန်မ စီးရမယ့် bus ကားနဲ့လွဲသွားပါတော့တယ်… အပျော်လွန်ရခြင်းရဲ့အကျိုးဆက်က ငိုရမလို ရယ်ရမလိုနဲ့ တော်တော် အနေရခက်ပါတယ် SUNWAY မှာ ပျော်ခဲ့တာတွေတောင် ဘယ်ကိုပျံသွားလဲ မသိတော့ဘူး… ဘေးနားမှာ သူတို့တွေသာ မရှိရင် ငိုတောင် ငိုမိမယ်ထင်တယ်…
အဲဒါနဲ့ သူတို့ရုံးခန်းကိုပဲ လိုက်သွားရပါတော့တယ် လူလည်း တနေကုန်လျှောက်ပတ်နေတော့ ပင်ပန်းနေပြီ လူရော စိတ်ပါလန်းသွားအောင် ရေပဲချိုးလိုက်ပါတော့တယ်…. မောင်လေးကလည်း Ipoh ထိပြန်ရမှာဆိုတော့ သူ့ကို နောက်ဆုံးကားနဲ့ပဲ လိုက်သွားခိုင်းလိုက်ပါတယ်… သူပြန်တော့ အပြန်အလှန်နှုတ်ဆက်ကြရင်း ကားလက်မှတ် မ၀ယ်ရသေးတဲ့ ကျွန်မကို စိတ်မချစွာနဲ့ လမ်းမှာ ဂရုစိုက်ဖို့ အတန်တန်မှာသွားတဲ့သူ့ကိုရပ်ကြည့်ရင်း ကျွန်မကျန်နေခဲ့ပါတယ်… အိမ်မှာကျန်ခဲ့တဲ့ မောင်လေးကလည်း ကားနဲ့ လွဲသွားပြီ ဆိုတာသိတော့ ဖုန်းဆက်ပြီး အဆင်ပြေရဲ့လားလို့ မေးရတာလည်း အမောပါပဲ… သူငယ်ချင်းတွေက စိတ်ချမ်းသာအောင် အတတ်နိုင်ဆုံးထားကြပါတယ်… စိတ်ပြေလက်ပြောက် ဆိုင်ကယ်ပတ်ပြီးစီးမယ် ဆိုတော့လည်း မိုးကရွာနေတော့ သူငယ်ချင်းရဲ့ကားနဲ့ပဲ သူတို့တွေ အိမ်နားက ဆိုင်ကို လိုက်သွားပြီးအအေးသောက်ရင်း သူက ဆိုင်ကယ်နဲ့ မြို့ထဲကို လိုက်ပို့ပေးမယ်ဆိုလို့ ထပ်ပြီး စောင့်ရပြန်ပါရော…
လိုက်မပို့တော့ဘူးဆိုတဲ့ သူငယ်ချင်းက ရုတ်တရက် ဆိုင်ကယ်နဲ့ရောက်လာပြီး Titiwansa ပန်းခြံဘက်ကို လိုက်ပို့တော့ စိတ်ညစ်တာတွေတောင် ဘယ်ရောက်ကုန်မှန်းမသိ အတိုင်းမသိ ပျော်သွားတာ… ပန်းခြံထဲမှာ ဘောလုံးကစားတဲ့သူက ကစား လမ်းလျှောက်တဲ့သူက လျှောက်နဲ့နောက်တစ်ခေါက်တောင် ထပ်သွားချင်လိုက်သေးတယ်… တပြိုင်နက်တည်း ဆိုင်ကယ်နဲ့ ပို့ပေးမယ်ဆိုပြီးသွားယူတဲ့ သူငယ်ချင်းက ကျန်ခဲ့လေတော့ စိတ်မကောင်းဖြစ်မိသေးတယ်… သူတို့အိမ်ဘက်ကို ပြန်ရောက်တော့ ကျွန်မပြန်ဖို့ရာ အတွက်လောရပြန်ပါတော့တယ်…
တော်တော်လည်း နောက်ကျနေပြီ ကားလက်မှတ်ကလည်း ဘယ်ဆီနေမှန်းမသိသေးဘူးဆိုတော့လေ… မောင်လေးတွေကလည်း စိတ်ပူကြတော့ ဖုန်းခဏခဏ ဆက်လို့ပေါ့… ကံကောင်းချင်တော့ bus terminal မှာကားလက်မှတ်က အလွယ်တကူပဲဝယ်လို့ရနေသေးလို့… အဲလို ကားလက်မှတ်ဝယ်ရတာ လွယ်တယ်ဆိုတာသိရင် ဒီလောက်လဲစိတ်မပူသလို စိတ်လည်း ညစ်မှာ မဟုတ်ဘူးပေါ့… ဘယ်ကိုပဲသွားသွားပျော်နေမှာသေချာတယ်… ခုတော့ လျှောက်သွားရလို့ ပျော်နေပေမယ့် ကားလက်မှတ်ဝယ်ရတာ အဆင်မှပြေပါ့မလားလို့ တွေးပူရတာနဲ့ လွတ်လွတ်လပ်လပ်မရှိဘူးပေါ့…
လက်မှတ်ရသွားပြီဆိုတော့ သူငယ်ချင်းတွေနဲ့ အတူညစာကို ပျော်ရွှင်စွာနဲ့ပဲသွားစားခဲ့ပါတယ်… ကိုယ့်အတွက်တော့ နေရာသစ်မှာ အစားအစာအသစ် ကိုခုလိုမျိုး စားဖို့ တစ်ခါမှ မမျှော်လင့်ခဲ့မိဘူး… အတိုင်းထက်အလွန်ပါပဲ… အစစ အရာရာ လိုက်ပြီး ကူညီပေး ကျွန်မနဲ့ ထပ်တူပူပန်ပေးကြတဲ့ သူငယ်ချင်းတွေကို ဖေါ်ပြလို့ မရအောင်ကို ကျေးဇူးတင်မိပါတယ်….
ညစာ စားတော့လည်း အမြဲတမ်းလွဲတတ်တဲ့ကျွန်မ ဖုန်းမှာ alarm ပေးပြီးမှ စိတ်ဖြောင့်လက်ဖြောင့် စားဖြစ်ပါတော့တယ်… စားသောက်ပြီးတော့ bus terminal ကို ပြန်ပြေးရတော့တာပေါ့… ဟိုလဲရောက်ရော အချိန်နဲနဲရတာနဲ့ ဓါတ်ပုံလေး ဘာလေးရိုက် လိုက်ပို့ပေးတဲ့သူငယ်ချင်းတို့ကို နှုတ်ဆက်ပြီး၊ Kuala Lumpur ဆိုတဲ့မြို့ကြီးကို အပြီးအပိုင်နှုတ်ဆက်ခဲ့ပါတယ်….
တွေ့ကြုံ ဆုံကွဲ ဖြစ်မြဲဓမ္မတာမို့ တွေ့ဆုံပြီးရင် ခွဲခွါရမယ်ဆိုတာ ကြိုသိပေမယ့် ရင်ထဲမှာ ဟာတာတာနဲ့ပါ… ခွဲခွါရတဲ့ သူတိုင်း ခံစားချက်တူရင် ခံစားရတာလဲ အတူတူပဲ ဖြစ်ကြမှာပါ… ကားပေါ်ရောက်တော့ မောင်လေးက တစ်ယောက်ထဲအားငယ်နေမှာစိုးရိမ်တဲ့အတွက် ဖုန်းပြောပြီး အားပေးရှာပါတယ်… ကားမူးလို့ အိပ်ပျော်သွားတဲ့ ကျွန်မ ဘယ်အချိန်ဖုန်းကျသွားလဲတောင် မသိလိုက်ပါဘူး…
ကျွန်မရဲ့ ဒီစွန်စားမှု ရက်တိုခရီးလေးဟာ အလွဲလေးတွေနဲ့ စပြီး အလွဲလေးတွေနဲ့ ပြန်လာခဲ့တာမို့ ကိုယ့်ကိုယ်ကို အားမလိုအားမရ ဖြစ်ရသလို စိတ်လဲ အရမ်းလှုပ်ရှားရပါတယ်… အရမ်းဂရုစိုက်ကြတဲ့ မောင်လေးတွေရယ် သူငယ်ချင်းတွေရယ်နဲ့ လျှောက်လည်ရ ပတ်ရတဲ့အတွက်လည်း အရမ်းပျော်ရွှင်ခဲ့ရပါတယ်… ကိုယ်အတွက် မရင်းနှီးတဲ့ နေရာဒေသ အသစ်ကို သွားရလို့လဲ ဗဟုသုတွေတိုးပွားသလို ကြည်နူးမှုလည်း ခံစားရပါတယ်… အဲဒီအကြောင်းတွေကို ပြန်စဉ်းစားတိုင်း ပျော်လို့ မဆုံးနိုင်သေးဘူး… ကျွန်မကို ခံစားမှုရသ မျိုးစုံပေးတဲ့ ဒီခရီးတိုလေးဟာ ကျွန်မ ဘ၀မှာ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်တော့ပါဘူးရှင်…

Tuesday, May 17, 2011
သူရဲကောင်းရွေးခြယ်ပွဲ
တစ်ခါကဘုရင်ကြီးတစ်ပါးသည် နိုင်ငံ အတွင်းတွင် သူရဲကောင်းရွေးခြယ်ပြီး သူကောင်းပြုရန်အတွက် အကြံရလေသည်။ သူသည် သူ၏ဖောင်တော်ကို မိချောင်းများ မွေးမြူထားသော ရေကန်၏အလယ်တွင် ကျောက်ချစေပြီး မူးမတ်များကို ဤသို့ကြေငြာစေသည်။
“တိုင်းသူပြည်သားများ ခင်ဗျား ဘုန်းကံ ကြီးမြတ်သော ရွှေနန်းရှင်၏သူရဲကောင်းရွှေးခြယ်ပွဲကြီး စတင်ပါမည်ခင်ဗျား မိချောင်းများကို တိုက်ခိုက်၍ ဤရေကန်ကို ကူးခတ်လာနိုင်သူအား ဘုရင်မင်းမြတ်ကြီးမှ ဆုတော်လာဘ်တော်များ ပေးသနားပြီး သူရဲကောင်းအဖြစ် ချီးမြောက်မည်ဖြစ်ပါသည်။
ပြိုင်ပွဲ စပါပြီခင်ဗျား။ “
ပရိတ်သတ်များသည် ကမ်းလုံးပြည့်မျှ စည်ကားလှ၏။ အမတ်ကြီးက ထိုသို့ကြေငြာလိုက်သော်လည်း ပရိတ်သတ်ကြီးက တုတ်တုတ်မျှမလှုပ်။ မည်သူမှ ရေထဲ မဆင်းရဲပဲ ငြိမ်သက်နေကြသည်။ အတန်ကြာတော့ ဘုရင်ကြီးဒေါသထွက်လာသည်။
ငါကိုယ်တော်ရဲ့တိုင်းပြည်ထဲမှ ရဲစွမ်းသတ္တိရှိတဲ့သူ မရှိတော့ ဘူးလားဟု မူးမတ်များကို မေးသည်။ တစ်ခဏနေသော် ရေထဲသို့ လူတစ်ယောက် ဗွမ်းခနဲ့ ခုန်ချ သွားသည်။ မိချောင်းများက သူ့ထံသို့ စုပြုံ လိုက်ကြလေသည်။
ထိုသူသည် မိချောင်းများကို ရှောင်တိမ်းရင်း ဖောင်ဆီသို့ရောက်အောင်ကြိုးပမ်းလေ၏။ ပရိတ်သတ်ကြီးလည်း အသက်ပင် မရှုနိုင်ပဲ သည်းထိတ်ရင်ဖိုစွာ ကြည့်ရှု့ကြလေသည်။ နောက်ဆုံးတွင် ထိုသူသည် ဖောင်တော်ဆီသို့အောင်မြင်စွာ ရောက်ရှိလေ သည်။ ထိုအခါ ဘုရင်ကြီးက အားရတော်မူပြီး ရွေဓါးဆုကို ချီးမြင့်လေသည်။ မူးမတ်များ က ချီးကျူး စကား ဆိုကြ၏။
ပရိတ်သတ်များကလည်း သောင်းသောင်းဖျဖျ လက်ခုပ်တီး သြဘာပေးကြလေသည်။ ထို့နောက် ပရိတ်သတ်များ ငြိမ်သက်စေရန် အမတ်ချုပ်ကြီးက လက်ကာပြလိုက်ပြီး သူရဲကောင်းကြီးအား “သူရဲကောင်းကြီး အနေနဲ့ ပရိတ်သတ်ကြီးကို
ဘာများပြောချင်ပါသေးသလဲခင်ဗျား“ မေးလိုက်ရာ သူရဲ ကောင်းကြီးမှ ပရိတ်သတ်ကြီးဖက်ကို လှည့်လိုက်ပြီး
“ဘယ် မအေ..... ကျုပ်ကိုတွန်းချတာလဲကွ“ ဟူ၏။

သရဲ ထင်လို့ပါ
တစ်ခါက လူတစ်ယောက်သည် မနက် ဝေလီဝေလင်း အချိန်တွင် သင်္ချိုင်းကုန်းနားမှ ဖြတ်သွားရာ ကြောက်သဖြင့် သုတ်သုတ် သွားလေသည်။ ထိုအချိန်တွင် နောက်မှာ သူ့နောက်သို့ ကပ်လိုက်လာသော ခြေသံ ကြားလေသည်။ သူသည် ကြက်သီး မွှေးညင်းများ ထလာကာ ပိုပြီး မြန်မြန်လျှောက်ရာ နောက်က ခြေသံ ကလည်း ပိုမြန်လာလေသည်။ ခြေသံက ကပ်လာသဖြင့် သူနောက်လှည့်ကြည့်လိုက်ရာ ခေါင်းကြီးကြီး ကိုယ်လုံးသေးသေး သရဲကို တွေ့ရသဖြင့် အောင်မလေး ဟု အော်ကာ ကြောက်ကြောက် နှင့် သရဲခေါင်းကို ခြေထောက် နှင့် ကန်ပြေးလေသည်။ လူစလူနတွေ့သော နေရာ ရောက်မှ
လူတွေက သူ့ကို မနည်း နှာနှပ် ယူရလေသည်။ သူကရှင်းပြသည်။
“သရဲကြီး ဗျာ ခေါင်းက အကြီးကြီး ကိုယ်လုံးက သေးသေးလေး“
အခြားသူတွေလည်း ကျောချမ်းကုန် ကြလေသည်။ ထိုအချိန်တွင် ကလေးလေး တစ်ယောက် တောင်းအကြီးကြီး
ရွက်ပြီး ငိုမဲ့ ငိုမဲ့ ဖြင့် ရောက်လာကာ
“ဒီလူကြီး တော်တော် ဆိုးတဲ့လူကြီး ဗျာ ကျွန်တော်မှ သရဲကြောက်လို့
သူ့နောက်က ကပ်လိုက်ပါတယ် ဆို ကျွန်တော့် ကို ကန်ပြီးထွက်ပြေးတယ်“ ဟူ၏။

( ဆရာကြီး၏ နောက်ဆုံးဆေးလုံး )
တစ်ခါက ရွာတစ်ရွာမှာ စုန်းမကြီးတစ်ယောက် သောင်းကျန်းနေလေသည်။
ရွာသားများသည် ကြံရာမရသည်နှင့် တခြားနယ်မှ အထက်လမ်းဆရာကြီးကို သွားပင့်ကြလေသည်။ မကြာမှီ ထိုဆရာကြီး နှင့် သူ၏ တပည့် ရောက်လာကာ စုန်းမကြီးကို ပညာပြိုင်ရန် ချိန်းလေသည်။ စုန်းမကြီး နှင့် ဆရာကြီးတို့သည် ရွာ ထိပ်ရှိ ကွင်းပြင်တွင် ပညာပြိုင်ကြမည် ဖြစ်လေရာ ရွာသားများလည်း ရွာလုံးကျွတ်မျှ အားပေး ကြလေသည်။
( ဆရာကြီး ) ဟယ် စုန်းစုတ် ဒီရွာက အမြန်ထွက်သွားစမ်း
( စုန်းမ )- ဆရာစုတ် နင်ကရော ဘယ်လောက်စွမ်းလို့လည်း
( ဆရာကြီး )- သိကြသေးတာပေါ့ ဟုဆိုက သူတပည့် ဘက်ကိုလှည့် ပြီး“ ပေးစမ်းငါ့ရဲ့ ဆေးကြိမ်လုံး “
တပည့်ထံမှ ဆေးကြိမ်လုံးယူပြီး ပါးစပ်က ဂါထာရွတ်ကာ ဆေးကြိမ်လုံးဖြင့် မြေကြီးကို ရိုက်လိုက် လေသည်။ သို့သော် စုန်းမကြီးက မဖြုံ။ ဘာမှမဖြစ်သည့် အပြင် တဟီးဟီး တောင်ရီနေသေးသည်။ ထိုအခါဆရာကြီးက တပည့် ပေးစမ်း ရေမန်း ဟုဆိုကာ ရေမန်းဖြင့် ပက်ပြန်လေသည်။ သို့သော် အချည်း အနှီးပင်။ ဆရာကြီး၏တပည့်ဖြစ်သူမှာ ချွေးသီးချွေးပေါက်တွေပြန်နေလေပြီ။ ဆရာကြီးမှ တဖန် ဆေးလုံး တစ်လုံးထုတ်ပြီး မန်းပြန်လေသည်။ ပြီးနောက် ထိုဆေးလုံးဖြင့်ပေါက်လိုက်သော်လည်း စုန်းမကြီး မှာ မဖြုံချေ။ ဆရာစုတ် နင့်ပညာ ကုန်ပြီလားဟုတောင်မေးနေသေးသည်။ တပည့်ဖြစ်သူမှာ ပြေးဖို့ပြင်နေလေပြီ။
ဆရာကြီးက မကြောက်ရန်ပြောပြီး“ပေးစမ်း ငါ့ ဆေးလွယ်အိတ်“ ဟုဆိုကာ တပည့် ထံမှ လွယ်အိတ်ကို ယူ၍အထဲမှ
လက်သီးဆုတ်ခန့် ရှိသော ဆေးလုံးကြီး တစ်လုံးကို ထုတ်ကာ ပါးစပ်နားတေ့ မန်းမှုတ်ပြီး လျှင် စုန်းမကြီး ထံသို့ ပစ်ပေါက် လိုက်လေသည်။ ထိုအခါမှ မီးလုံးကြီးပွင့် သွားပြီး စုန်းမကြီးမှာ အစိတ်စိတ် အမွှာမွှာဖြစ်သွားလေတော့သည်။
ရွာသူရွာ သားများ မှာ ဆရာကြီးကို အလွန် အမင်း ယုံကြည် လေးစားသွားကြပြီး လက်ဆောင် များ စွာကန်တော့ လိုက် ကြလေသည်။ အပြန်ခရီးတွင် တပည့်ကမေးလေသည်။
“ဆရာကြီး ၊ ဆရာကြီး နောက်ဆုံးထုတ်လိုက်တဲ့ဆေးက ဘာလဲဗျ။ ကျွန်တော်လည်း တစ်ခါမှ မမြင်ဘူးပါလား“
ထိုအခါ ဆရာကြီးက ဘေးဘီကို ကြည့်ကာ လေသံကို နှိမ့်လိုက်ပြီး“ဘယ်သူ့မှာ လျှောက်မပြောနဲ့ ကွ အဲဒါ ဂျပန်တွေဆီက ရလိုက်တဲ့ လက်ပစ်ဗုံး“ ဟူ၏။

Monday, May 9, 2011
**ချစ်သော အမေ***

စမ်းရည်ပမာ အမေ့မေတ္တာတဲ့
တွေးတာနဲ့တင် သမီး..အတွက် အေးမြတယ် ... အမေ
ဒုတိယကမ္ဘာစစ်အတွင်းနဲ့  အသွင်ကူးပြောင်းရေးကာလမှာ
ကြီးပြင်းလာခဲ့ရတဲ့ အမေ့ရဲ့ငယ်စဉ်ဘဝ
ပန်းခင်းလမ်းတော့ မဖြစ်နိုင်လောက်ပါဘူး ... အမေ
လင်ဆိုးမယား တဖားဖားဆိုတဲ့စကားနဲ့  ဆန့်ကျင်စွာ
လှလှပပအနားသတ် သေသပ်လာခဲ့တဲ့ ... အမေ
မညီတဲ့ထမ်းဘိုး ခက်ခဲစွာထမ်းရင်း သားသမီးတွေကို
ဘုရားသိဘို့ တရားလမ်းထဲ အရောက်ပို့ပေးခဲ့ တဲ့ ... အမေ
မြေနိမ့်ရာ လှံစိုက်တတ်တဲ့ လူ့သဘောနဲ့ဝန်းကျင်တောမှာ
တည်ငြိမ်စွာ အပြစ်မမြင် အပြုံးမပျက်ခဲ့တဲ့ ... အမေ
အမေ့ဆီက ဆုံးမသွန်သင်မှုက နှိမ့်ချခြင်း ...
သည်းခံခြင်းနဲ့ ချစ်ခြင်း ...
အမေ့ဆီမှာ ဘယ်တော့မှ မကြားမတွေ့ခဲ့ဘူးတာ
ညည်းတွားသံနဲ့ မျက်ရည်တွေပါ ... အမေ
အမေပေးတဲ့ အမေ့ရဲ့သွေး အမေ့ရဲ့နှလုံးသားနဲ့
အမေ့ရဲ့ဘဝသင်ခန်းစာတွေအတွက်
ကျေးဇူးတင်တယ်ဆိုတဲ့စကားနဲ့ 
မလုံလောက်မှန်းသိပေမယ့်
“ကျေးဇူးအများကြီးပါဘဲ” ... အမေ
ကြယ်ကြွေတွေ ကောက်ပြီး
လေထဲမှာ အိမ်ဆောက်မိသူက
သမီး…ကေသ်ီပေါ့...အမေ...
တိမ်တောက်တဲ့ ညနေတိုင်း...
ကောင်းကင်ကိုကြည့်ငေး
သမီး...မပါတဲ့...
မိသားစု ထမင်းဝိုင်းလေးဆီကို
စိတ်တွေကပြေးလို့...
အမေ့အနား...
ခုချက်ချင်း ရောက်သွားလိုက်ချင်တယ်.....။
အမေ့ ရင်ခွင်ရဲ့အဝေး..
ခြေစုံကန် ထွက်ပြေးခဲ့မိတာ.. ၃ နှစ်...
အဲဒီ့ အတောအတွင်းမှာ...
ဒဏ်ရာတွေနဲ့ပဲ..နစ်နေရတယ် အမေ.....။
အမေရေ....
မာယာစုံတဲ့လောကကြီးရဲ့....
မျက်နှာဖုံးတုတွေကြားထဲမှာ..
ရိုးသားစွာ ခရီးဆက်...
သူတစ်ပါးကို နင်းတက်လိုက်ရမှာ...
သမီး...ရှက်တယ်.......။
တကယ်တော့ အမေရယ်...
မိုးရွာတုန်း ရေခံဆိုပြီး...
သူတို့ သောက်နေတဲ့ မိုးခါး.....
သမီး မမက်မောတတ်တာ အပြစ်လား အမေ.......
မိုးခါး တစ်စက်ကြောင့် ....
သမီးလမ်းလေး ပျောက်သွားမှာ ကြောက်တယ်....။
အဝေးရောက်နေတဲ့....
သမီးတစ်ယောက်အတွက်..
သောကတွေ မီးမတောက်ပါနဲ့....အမေ
ကိုယ့်လမ်း....ကိုယ်ဖောက်
ချောက်နက်ထဲ မရောက်အောင်....
သမီး... လျှောက်နိုင်ပါတယ်.....။
အမေရေ...........
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ.......
အရှိန်အ၀ါတွေ ကင်းမဲ့တဲ့...အိမ်အိုလေးထဲမှာ....
အမေ့ရင်ခွင် ပါးအပ်ရင်း.......
သမီးလေ....
တစ်ရေးလောက်...မှေးစက်ချင်တယ် အမေ......။
အမေ ကျန်းမာပျော်ရွင်ပါစေလို့
အဝေးကနေသမီး ဂုဏ်ပြုဆုတောင်းပေးလိုက်ပါတယ် ... အမေ
Show/Hide
ဤနေရာမှာမိမိရဲ့ဖွင့်/ဖွတ်လုပ်ချင်သည့်စာကိုရေးထည့်လိုက်ပါ
Subscribe to:
Posts (Atom)