
လူမှန်ရင် အချစ်နဲ့ မကင်းကြပါ။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘယ်လိုဘ၀မျိုးမှာပဲ ရှင်သန်ရှင်သန်၊ အချိန်တန်လာရင် အချစ်ဆိုတဲ့ ပန်းလေးက ပွင့်လန်းလာတတ်စမြဲပါ။ ကလေးဘ၀အရွယ် လူလားမမြောက်ခင်တုန်းကတော့ မိဘချစ်၊ သူငယ်ချင်းချစ်၊ ဆရာချစ်…အချစ်တွေ ရှိခဲ့ကြတာပဲ။ ဘာလဲ အချစ်ဆိုတာကတော့ အဲဒီအချစ်တွေကို မဆိုလိုပါဘူး။ အရွယ်ရောက်လို့လာတဲ့အခါမှာတော့ စိတ်ကူးလေးတွေ ယဉ်လာကြတယ်။ လူတစ်ယောက်ရဲ့ အကြိုက်အတိုင်း ကိုယ့်ချစ်သူကို စိတ်ကူးထဲမှာ ပုံဖော်လာကြတယ်။ အချစ်သီချင်းလေးတွေ ကြိုက်လာတယ်။ ဆိုတတ်လာတယ်။ အချစ်ကဗျာလေးတွေ ကြိုက်လာတယ်။ အချစ်ကဗျာလေးတွေ ရေးလာတယ်။ ပြီးတော့ ရည်းစားလေး သို့မဟုတ် ရည်းစားလေးတွေ ထားလိုက်ကြတယ်။ “အချစ်”ဆိုတဲ့ စကားက ပါးစပ်ဖျားကို ရောက်လာခဲ့ပြီပေါ့။
ပထမဆုံး အချစ်နဲ့ အဆင်ပြေတဲ့သူတွေ ပြေကြတယ်။ အဆင်ပြေတဲ့သူတွေက အချစ်ဆိုတာကို ချစ်စရာလေးလို ကိုးကွယ်တော့တာပေါ့။ သူတို့ကို “အချစ်ဆိုတာ ဘာလဲ” သွားမေးကြည့်ရင် အချစ်ဆိုတာ ကြည်နူးစရာပေါ့၊ ပျော်ရွှင်စရာပေါ့လို့ ဖြေကြလိမ့်မယ်။ အချစ်နဲ့ အဆင်မပြေတဲ့သူ၊ အသည်းကွဲသူတွေကတော့ အချစ်ဆိုတာကို ရွံမုန်းစရာ၊ ကြောက်စရာလို့ သဘောထားကြမယ်။ အသည်းကွဲတာအတွက် အကြောင်းပြစရာ ခိုင်ခိုင်လုံလုံ ရှိနေသေးရင်တော့ “အချစ်ဆိုတာ ဘာကြီးမှန်း မသိပါဘူး”လို့ ဖြေတတ်ကြတယ်လေ။
Show/Hideအချစ်ဆိုတာကလည်း ပြောရအခက်သားနော်။ “အချစ်လား၊ တော်ပါပြီ၊ ကြောက်ပါပြီ”လို့ အော်နေခဲ့တာတောင် မထင်မှတ်တဲ့ အခြေအနေကနေ ပြန်လည်နိုးထလာတတ်တာပဲ။ တစ်စုံတစ်ရာသော ဘ၀အခြေအနေကြောင့် အချစ်ဆိုတာကို မရှာတော့ဘူးလို့ ဆုံးဖြတ်ထားသူကိုတောင် မထင်မှတ်ဘဲ ၀င်လာတတ်သေးတယ်။ အချစ်ဆိုတာ တကယ့်ကို အူကြောင်ကြောင် နိုင်လွန်းပါတယ်။
ဘ၀ကို လန်းဆန်းတက်ကြွစေတာလည်း အချစ်ပဲ။
စိတ်ဓာတ်တွေ ကျစေတာလည်း အချစ်ပဲ။
လောကကြီးကို အကောင်းမြင်စေတာလည်း အချစ်ပဲ။
တစ်လောကလုံးကို အဆိုးမြင်စေတာလဲ အချစ်ပဲ။
စိတ်ထားကောင်းကောင်းတွေ မွေးမြူပေးတတ်တာလည်း အချစ်ပဲ။
မလိုတမာစိတ်တွေ၊ ဆိုးသွမ်းစိတ်တွေ ဖြစ်စေတာလည်း ဒီအချစ်ပဲ။
အဲဒီတော့ အချစ်ဆိုတာ ကောင်းလားဆိုးလားဆိုတာတောင် ပြောရခက်နေပြီနော်။
တကယ်တော့ အချစ်ဆိုတာ “ရူးသွပ်မှုတစ်ခု”ပဲလား မပြောတတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အချစ်စိတ်ဖြစ်လာရင် ကြောက်စိတ်တွေ ပျောက်နေတတ်တယ်လေ။ သင်္ချိုင်းဆိုရင် ကြောက်တတ်တဲ့သူကလည်း ချစ်သူဆီသွားရမယ်ဆိုရင် မကြောက်မရွံ့ ဖြတ်သွားရဲတာပဲ မဟုတ်လား။ မိဘကြောက်တဲ့သူတွေလည်း မိဘတွေကို ဖီဆန်ရဲတာပဲ မဟုတ်လား။ အချစ်အတွက်နဲ့ ဘ၀တွေ စွန့်လွှတ်၊ ရေရာတဲ့ဘ၀အခြေအနေကနေ မရေရာမသေချာမှုတွေဆီ သွားလိုသွား။ အိပ်ရေးပျက်မခံနိုင်တဲ့သူက တစ်ညလုံး စကားတွေ ပြောလိုပြော။ အလှပြင်တာ မကြိုက်တဲ့သူက အလှတွေ ပြင်လိုပြင်။ ဖုန်းဖိုးပိုက်ဆံ နှမြောတတ်သူက ပိုက်ဆံဘယ်လောက်ကုန်ကုန် သူနဲ့သာဆိုရင်ဆိုပြီး တစ်ညလုံး ဖုန်းတွေ ပြောလိုပြော……….။ အများကြီးပါပဲလေ။ အူကြောင်ကြောင် နိုင်လိုက်တာနော်။
တစ်ချို့က အချစ်ဆိုတာ အားကိုးခြင်းတဲ့။ အဲဒီလိုလည်း ဟုတ်မယ် မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့က ပေးဆပ်ချင်လို့ အချစ်စိတ်တွေ ဖြစ်လာတတ်ကြတယ်လေ။ အားကိုးချင်မှု၊ မှီခိုချင်မှုကနေ အချစ်စိတ် ဖြစ်လာတတ်သလို သနားစိတ်၊ ကူညီလိုစိတ်တွေကနေလည်း အချစ်ဆိုတာ ဖြစ်လာတတ်တာပဲ မလား။ တစ်ချို့ကျတော့လည်း ဆရာလုပ်ချင်စိတ်ကနေ အချစ်စိတ် ဖြစ်လာတတ်ကြတယ်။ ကောင်မလေး ဘယ်လောက်ဆိုးဆိုး ငါ ပြုပြင်ပေးလိုက်ရင် ဖြစ်မှာပါ၊ ဒီကောင်လေး အရက်ဘယ်လောက်သောက်သောက် ငါ ထိန်းပေးလိုက်ရင် ရမှာပါ၊ …. အဲဒီလို ဆရာလုပ်ချင်စိတ်ကလည်း အချစ်စိတ်ကို ဖြစ်စေတတ်တာပဲလေ။ အဲဒီတော့ အချစ်ဆိုတာ သေသေချာချာ ပြောလို့မရတဲ့ အူကြောင်ကြောင် ခံစားချက်တစ်မျိုးလား။ အဲဒီလိုပဲ ဆိုလိုက်ချင်တော့တယ်။
အချစ်နဲ့ပတ်သက်တဲ့ ပုံပြင်လေးတစ်ပုဒ် ပြောပြမယ်နော်။ ဟိုးရှေးရှေးတုန်းက နာဆစ်ဆပ်ဆိုတဲ့ ကောင်လေး တစ်ယောက်ရှိတယ်။ အရမ်းချော၊ အရမ်းလှတယ်တဲ့။ သူ့ကို နတ်သမီးလေးတစ်ပါးက ကြိုက်နေသတဲ့။ သူက ဘယ်လောက်ကြိုက်ကြိုက် နာဆစ်ဆပ်ကတော့ လုံးဝစိတ်မ၀င်စားပါဘူးတဲ့။ နေ့စဉ်နဲ့အမျှ နတ်သမီးလေးက နာဆစ်ဆပ်ရဲ့ အချစ်ကို မျှော်လင့်တောင့်တနေသတဲ့။ ရက်တွေကြာပြီး နာဆစ်ဆပ်က သူ့ကို မချစ်ဘူးဆိုတာ သိရတော့ တစ်နေ့တစ်ခြား ပိန်လာတယ်တဲ့။ နတ်သမီးလေးက ပိန်လာတော့ နတ်သမီးတွေကို အုပ်ထိန်းတဲ့ နတ်သမီးကြီးက ဘာဖြစ်တာလဲမေးတော့ နာဆစ်ဆပ်ကို ချစ်တယ်၊ သူ့အချစ်ကို လိုချင်တယ်၊ ဒါပေမယ့် သူက ကျွန်မကို ပြန်မချစ်ဘူး၊ ဒါကြောင့် ကျွန်မ ပိန်သွားတာပါလို့ ပြောလိုက်သတဲ့။
ဒါနဲ့ နတ်သမီးကြီးက ဒီကောင်လေးကို ငါ ကျိန်စာတိုက်လိုက်မယ်ဆိုပြီး “ဒီနေ့ကစပြီး မြင်မြင်သမျှကို ချစ်စေ”လို့ ကြုံးဝါးလိုက်သတဲ့။ အဲဒီနေ့ကစပြီး နာဆစ်ဆပ်ဟာ မြင်မြင်သမျှ ကောင်မလေးတွေကို ချစ်နေတော့သတဲ့။ တစ်နေ့မှာ ရေဆာလို့ ရေကန်ဘေးကနေ ငုံ့ပြီး ရေသောက်တော့ သူ့မျက်နှာသူ ပြန်မြင်ပြီး ချစ်သွားရောတဲ့။ သူ့မျက်နှာလေးကို တွေ့ပြီး ချစ်သွားတာနဲ့ အဲဒီနေရာကနေကို မရွေ့နိုင် ဖြစ်သွားတယ်တဲ့။ ရေကန်လေးဘက်ကို ခါးလေးကိုင်းလို့ပေါ့လေ။ ဒီလိုနဲ့ မလှုပ်မယှက်ဘဲ နေလိုက်တာ နောက်ဆုံးမှာ နာဆစ်ဆပ်ဟာ ပန်းပင်လေး ဖြစ်သွားတယ်တဲ့။ ဒါကြောင့် ဒီနေ့ထိ နာဆစ်ဆပ်ဆိုတဲ့ ပန်းပင်လေး ရှိနေခဲ့တယ်တဲ့။ ပုံပြင်လေးကတော့ ဒါပါပဲ။
ဒီပုံပြင်လေးထဲကနေ ဘာရလိုက်သလဲ။ အထူးသဖြင့် အချစ်နဲ့ပတ်သက်ပြီးတော့ပေါ့။ အချစ်ဆိုတာ ဘယ်လိုပဲပြောပြော နောက်ဆုံးတော့ ကိုယ်ကိုယ်ကို ချစ်တဲ့အချစ်ကသာ အခိုင်မြဲဆုံးလို့ ဆိုလိုသလား မသိဘူး။ ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုတာကို မငြင်းသာပေမယ့် ကိုယ်ပြီးရင် ချစ်ရတဲ့ အချစ်ဆုံးဆိုတာကတော့ လူတိုင်းမှာ ရှိနေတတ်ကြပါတယ်လေ။ ဘယ်လိုအခြေအနေတွေပဲ ဖြစ်ဖြစ်ပေါ့။
ကျွန်မ အတွက်တော့ အချစ်က တစ်ခါတစ်ခါလေချိုမြိန်တယ်၊ ပြည့်စုံမှုကို ခံစားရတယ် ။ တစ်ခါတစ်ခါလေမှာ အထီးကျန်ဆန်မှုကိုခံစားရတယ်။ တစ်ခါတစ်ခါလေကျတော့လဲ စိတ်နာကျင်မှုကို ခံစားရတယ်။ တစ်ခါတစ်ခါလေတော့လဲ ဘာမှမရှိတော့သလိုပါဘဲရှင်။

မျက်စိမှိတ်ထားပါလျှက်
ကောင်းကင်ကို သတိရတဲ့အခါ
တိမ်များကို မြင်နေရပါသည်။...
အလွန်ဝေးကွာသည့် အရပ်ကိုရောက်နေပါလျှက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။...
အခန်းကျဉ်းထဲမှာ အိပ်နေပါလျှက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်ပါသည်။...
ချစ်သူရေ
သေဆုံးသည်ထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ...
ချစ်သူသာဖြစ်၏။...

(ကောင်းကင်ကို ရဲ့ ကဗျာလေးပါ။ သဘောကျလို့ တင်လိုက်ပါတယ်..)
အစကတော့
သောနုတ္ထိုရ်လို အကြည့်
ဒုက္ခသည် ဥပဓိနဲ့ ။
ကိုယ့်အတ္တကိုယ် မျက်နှာလွှဲ
ဖေးကူလက်တွဲ လိုက်မှ
အပြုံးတချက် မပျက်
လူစားလဲရက်တာ နာလိုက်တာ။
အစကတော့
မိတ်ဆွေထက်ပိုတဲ့ အပြုံး
ပန်းပွင့်မျက်နှာဖုံးနဲ့ ။
ကိုယ့်သံသယတွေကို သန့် ရှင်း
ခင်မင်မှုတွေနဲ့ တံတားခင်းပေးလိုက်မှ
ဓားသွားနဲ့ ချနင်း
ငါရင်းလိုက်ရတာ နာလိုက်တာ။
ကောင်းကင်ကို