စိမ်းညို့ကွေ့ကောက်သော မြစ်များမှ
အရောင်မထွက်တဲ့ကျောက်တုံးတစ်ခုကို
တွေ့သောအခါ
ငါ့နှလုံးသားကို သတိရပါလေ။
ဒိုင်ယာရီကြား
ကူးယူရေးမှတ်ထားခဲ့တဲ့
ငါ့မိတ်ဆွေရဲ့ ကဗျာအပိုင်းအစ
အခုတော့
မင်းအတွက် ငါ့ရည်ညွှန်းချက်ဖြစ်ခဲ့ရပြီ။
သူ့ကျောပေါ်က စီးဆင်းသွားတဲ့
ရေအလျဉ်တိုင်းဟာ
သူ့မျက်ရည်တွေပါပဲလို့
အဓိပ္ပါယ်ဖွင့်ဆိုခဲ့လျှင်တော့
မြစ်တစ်မြစ်ဆိုတာ
ကျိန်စာသင့်တဲ့နေ့တွေကိုပဲ
သူပျော်ရွှင်လိမ့်မယ်။
အားနာစရာ
မလိုပါဘူးကွယ်
မင်းလှော်ခတ်ဖူးခဲ့တဲ့
ငါ့နှလုံးသား ရာဇ၀င်မြစ်ကျဉ်းတစ်လျှောက်
အငွေ့ပျံမှုတွေနဲ့
သွေ့ခြောက်ခဲ့ပြီမဟုတ်လား။
အချည်းနှီးတောင်တန်းတွေဆီ
အထီးတည်းထွက်သွားရတဲ့အခါ
ငါ ဖြေသိမ့်နိုင်စရာ တစ်စုံတစ်ရာ
မင်းဆီက ပါခဲ့ပြီမို့။
အားနာစရာ
မလိုပါဘူးကွယ်။
တို့နှစ်ယောက်
ဗာဒံရိပ်ကလေးဝေးပြီး၊ လူသူရှင်းတဲ့
ကဖေးဆိုင်ကလေးတစ်ခုမှာထိုင်ပြီး
ဟောဒီလို မေလရဲ့နေ့လယ်ခင်းမှာပေါ့
လူးလွင့်နေတဲ့တံလျပ်တွေကို ငေးကြည့်ရင်း
တိတ်ဆိတ်စကားမဲ့ငြိမ်သက်စွာ
နာရီတွေလောင်ကျွမ်းခဲ့ရဲ့။
ငါ့မှာ
တစ်စုံတစ်ရာ အကောင်းစားစိတ်ကူးစိတ်သန်းတွေ
ရှိနေတယ်ဆိုပါတော့
အဲဒါတွေကို အကုန်လုံးကို မင်းယူ။
ငါ့မှာ
ဘယ်သူ့ကိုမှ မချစ်ရသေးတဲ့
နှလုံးသားအသစ်တစ်ခု
ရှိနေတယ်ဆိုပါတော့
အဲဒါကိုလည်း မင်းပဲယူ။
ငါ့ဖောက်ခဲ့ပြီးသမျှ
လမ်းအားလုံးပေါ်မှာ မင်းလျှောက်သွား
ငါရသင့်ရထိုက်သမျှ
လောကရဲ့ ပေးဆပ်ခြင်းတွေကိုလည်း မင်းယူ
ငါ့ကို ဦးညွှတ်ဂုဏ်ပြုမယ့်
တစ်စုံတစ်ယောက်ရဲ့ဦးခေါင်းကိုလည်း
မင်းပဲပွတ်သပ်
မင်းပဲ မြင့်မြတ်နိုင်ပါစေ။
အဲဒီ ငါ့လက်ဆောင်တွေအားလုံးဟာ
တစ်စုံတစ်ရာ တန်ဖိုးမနည်းခဲ့ဘူးဆိုတာ
မင်းအသိပါပဲ။
လူတစ်ချို့ကတော့
မင်းဟာ
ငါ မက်နေတဲ့ အိပ်မက်ကလေးတစ်ခုတဲ့
တကယ်တော့.....မင်းဟာ
ငါ မပိုင်ဆိုင်လိုက်ရတဲ့
အပြာရောင်နေ့တစ်နေ့ပါကွယ်
ငါကတော့ အအိပ်မဲ့ညတွေကြား
အတိတ်နဲ့အနာဂတ်တွေကို စားသုံးရင်း
မျှော်လင့်ခြင်းအိပ်မက်တွေနဲ့
အိပ်မက်ရဲ့ ရာဇ၀င်နေ့သစ်တွေကို
အဆုံးရှုံးခံနေရတဲ့လူတစ်ယောက်ပါကွယ်။
တို့.......တစ်ဦးနဲ့တစ်ဦး
ပေါင်းစည်းညီညွှတ်ခဲ့ဖူးရဲ့
တို့.....တစ်ဦးကိုတစ်ဦး
အရူးအမူးလေးမြတ်ကြည်ညိုခဲ့ဖူးရဲ့
တို့......တစ်ဦးပေါ်တစ်ဦး
ပေးဆပ်မှုနဲ့ရယူခဲ့ဖူးရဲ့
အခုတော့ အဲဒီတရားတွေ
(ဘယ်သူမှ ကြားဝင်မနှောက်ယှက်ဘဲ)
သူစိမ်းတွေလိုဝေးသွားခဲ့ကြပေါ့။
သူဝတ်ထားတဲ့အရေခွံကို
သူစွန့်ခွါရတဲ့အခါ
မြစ်တစ်မြစ်ဆိုတာကတော့
မြွေတစ်ကောင်လို မပျော်ရွှင်နိုင်တော့ဘူးပေါ့။
အားနာစရာ
မလိုပါဘူးကွယ်
ငါ ပိုင်ဆိုင်တဲ့
လောကရဲ့ပညတ်မှန်သမျှနဲ့
ငါ့အတွေးတွေအားလုံးကိုလည်း
မင်းပဲပိုင်ဆိုင်ခဲ့ပြီမဟုတ်လား။
ဟင်းလင်ပြင်တွေကိုတော့
ငါကိုယ်တိုင်ပဲ
ပိုင်ဆိုင်ဆဲပါပဲလေ။ ။
ပိုင်စိုးဝေ
ဟန်သစ်၊ ဖေဖော်ဝါရီ၊ ၁၉၉၁။
0 comments:
Post a Comment