လူတိုင်းမှာ မမေ့နိုင်စရာ နေ့ရက်လေးတွေ ရှိတတ်ကြပါတယ်။ မမေ့နိုင်စရာနေ့ရက်ဆိုတာ ပျော်စရာလည်း ဖြစ်နိုင်သလို စိတ်ညစ်စရာလည်း ဖြစ်နေတတ်ပါတယ်။ တစ်ချို့က ပျော်စရာကောင်းလွန်းလို့ မမေ့နိုင်တာ။ တစ်ချို့က စိတ်ညစ်စရာကောင်းလွန်းလို့ မမေ့နိုင်တာ။ လူတိုင်းလူတိုင်းမှာ ပျော်လို့ပဲဖြစ်ဖြစ် စိတ်ညစ်စရာကောင်းလွန်းလို့ပဲ ဖြစ်ဖြစ် မမေ့နိုင်တဲ့ရက်လေးတွေ ရှိနေကြပါတယ်။ စိတ်ညစ်လွန်းလို့ မမေ့နိုင်တဲ့ရက်တွေအကြောင်းတော့ မပြောတော့ပါဘူး။ အခု ကျွန်မအရမ်းပျော်ရွှင်ခဲ့ရတဲ့ နေ့လေးအကြောင်း ပြောချင်ပါတယ်။
Show/Hide
“ပျော်ရွှင်မှုဆိုတာ အရပ်ရှည်အောင် လုပ်ရသလိုပါပဲဗျာ။ များများကြီး ကြိုးစားမှ နည်းနည်းလေး အရပ်ထွက်လာနိုင်တာမျိုးပါ”ဟု စာရေးဆရာတစ်ဦး ပြောတဲ့စကားက သိပ်မှန်ပါတယ်။ လူတိုင်းက ပျော်ချင်ကြတာပဲလေ။ ဒါပေမယ့် လူတိုင်းက မပျော်မရွှင် ဖြစ်နေကြတာ များတယ်။ ကျွန်မ အခုမိဘတွေနဲ့ဝေးရာ စင်္ကာပူမှာ အလုပ် လုပ်နေတာ ၂ နှစ်တောင်ရှိခဲ့ပါပြီ။ ၂-နှစ်တာကာလကို ပြန်ကြည့်လိုက်တော့ အဆင်တပြေနဲ့ ပျော်စရာနေ့ရက်တွေရော၊ စိတ်ဓာတ်ကျစရာနေ့ရက်တွေပါ ရှိနေခဲ့တာကို သတိပြုမိပါတယ်။
တကယ်တော့ စင်္ကာပူလို ပြည်ပနိုင်ငံကို ထွက်ခွါခဲ့တယ်ဆိုတာ အပျံလေ့ကျင့်ပြီး ကောင်းကင်ပေါ်ပျံတက်ဖို့ ယုံကြည်ချက်အပြည့်ရှိတဲ့ ငှက်ငယ်ရဲ့ အသိုက်ထဲက အားကုန်ပျံသန်းပြေးထွက်ခဲ့သလိုပါပဲ။ ကျွန်မတို့ဟာ မိခင်ရင်ခွင်ကနေ ယုံကြည်ချက်အပြည့်၊ မျှော်လင့်ချက်အပြည့်နဲ့ ပျံသန်းပြေးထွက်ခဲ့ကြတယ်။ ယုံကြည်ချက်အပြည့်နဲ့ ဝေးရာကို ပြေးထွက်ခဲ့တဲ့ ငှက်လေးက ရာသီဥတုတွေ မကောင်းတဲ့အခါ မိခင်ရင်ခွင်ရဲ့ နွေးထွေးမှုကို ပြန်လည်တမ်းတမိနေပါလိမ့်မယ်။ အဲဒီငှက်ကလေးလိုပါပဲ၊ စင်္ကာပူကို ထွက်ခွါလာတဲ့ ကျွန်မဟာ အမြဲလိုလို အမေ့ရင်ခွင်ကို တမ်းတလွမ်းနေခဲ့ရပါတယ်။
စင်္ကာပူကို ရောက်ခါစကတော့ ကိုယ့်အတွက် အသစ်အဆန်းတွေပဲမို့ ပျော်စရာကောင်းတယ်လို့ ခံစားရပေမယ့် တကယ်တမ်းတော့ မပျော်နိုင်ခဲ့ပါဘူးလေ။ မိဘ၊ မောင်နှမအသိုင်းအ၀ိုင်းတွေ၊ သူငယ်ချင်းတွေနဲ့ ခွဲခွါနေရတာက တစ်ကြောင်း၊ နေရာသစ် အလုပ်အကိုင်သစ်မှာ အဆင်ပြေအောင်ရပ်တည်နေရတာက တစ်ကြောင်းကြောင့် ပျော်စရာရက်ကလေးတွေက ရှားပါးနေခဲ့တယ်လေ။ ကံကောင်းတာကတော့ အတူတူအလုပ် လုပ်တဲ့အစ်မတွေအားလုံးကလည်း အစစအရာရာ ကူညီကြလို့ပေါ့။ ဒီလိုနဲ့ ပျော်လိုက် မပျော်လိုက်၊ ၀မ်းသာလိုက် ၀မ်းနည်းလိုက်နဲ့ ၂ နှစ်ဆိုတဲ့ကာလလေးဟာ ဘယ်လိုကုန်သွားလိုက်မှန်း မသိလိုက်ဘူး။
၂-နှစ်တာကာလအတွင်းမှာ အပျော်ဆုံးနေ့ရက်လေးကတော့ ကျွန်မရဲ့ ၂၆-နှစ်မြောက်မွေးနေ့လေး ဖြစ်ပါတယ်။ ဒီနေ့ရက်မှာ ကျွန်မရလိုက်တဲ့ အတွေ့အကြုံ၊ ခံစားသိမြင်မှုနဲ့ ဘ၀သင်္ခန်းစာတွေက အများကြီး ရှိနေခဲ့ပါတယ်။ ၂၆ နှစ်မြောက်မွေးနေ့ ရောက်မှ ပျော်ရွှင်မှု့ အစစ်အမှန်ကို တွေ့ရတယ်လို့ ဆိုရမယ် ထင်ပါတယ်။ မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ အတူ မုန့်လုပ်စားကြတယ်။ အစ်မတွေအားလုံးက တတပ်တအား ပျော်ပျော်ပါးပါး နဲ့ ၀င်ရောက်ဆင်နွှဲကြတော့ အဲဒီလို ပျော်ရွှင်မှုမျိုး ဒီရောက်ပြီးမှ ဒီတစ်ခါပဲ ခံစားရဖူးတယ်ဆိုရင် အံ့သြစရာ ကောင်းမနေဘူးလား။
ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းကို ပျော်မိတာပါ။ ဟင်းချက်တဲ့ သူကချက်၊ မုန့်သုပ်တဲ့သူက သုပ်နဲ့ အားလုံးပျော်ရွှင်နေတာကို ကြည့်ပြီး ပီတိဝေဖြာလို့ မဆုံးပေါ့။ အခုလိုမျိုး အတူတူပျော်ပွဲ ရွှင်ပွဲတွေ မလုပ်ဖူးတော့ ဒီလောက်ထိ စည်းလုံး ညီညွတ်လိမ့်မယ်လို့ မထင်မိခဲ့ဘူးလေ။ “ဘာမှ အဆင်သင့်မဖြစ်သေးရင်တောင်မှ ပြုံးဖို့တော့ အမြဲ အဆင်သင့်ဖြစ်နေပါစေ”တဲ့။ ကျွန်မဖတ်ဖူးတဲ့ စကားလေးပါ။ ကျွန်မတို့ဟာ တစ်နေရာတည်း၊ အလုပ်တစ်ခုတည်းမှာ နေခဲ့ကြရပေမယ့် ရင်ထဲက ခံစားချက်နဲ့ တစ်ဦးအပေါ်တစ်ဦး ထားရှိတဲ့သဘောထားကို တခုတ်တရ မဖော်ပြမိခဲ့ကြဘူး။ ဒီနေ့မှာတော့ ကျွန်မကို Happy birthday သီချင်းတွေဆိုပေးတော့ ကျွန်မက ပျော်၊ ကျွန်မရဲ့အပျော်တွေက သူတို့ဆီ ပြန်လည် ကူးစက်။ ဒီလိုနဲ့ တစ်ယောက်ရင်ဘတ်ကိုတစ်ယောက် ထွင်းဖောက်မြင်နိုင်ခဲ့ကြတယ်လေ။ ပြုံးဖို့အဆင်သင့်ဖြစ်နေတဲ့ ကျွန်မတို့အတွက် ပျော်စရာကလည်း အဆင်သင့်နေခဲ့ပါတယ်။ တစ်ယောက်ရင်ထဲကို တစ်ယောက်ဝင်မိကြပြီဆိုရင် ရင်ခုန်သံဆိုတာ သာယာတဲ့တေးသွားတွေပဲ မဟုတ်လား။ ဒီနေ့ဟာ ကျွန်မအတွက် အလွန်ကို သာယာခဲ့ပါတယ်ရှင်။
ဒီလောက် တစ်ယောက်ကို တစ်ယောက် နားလည်ချစ်ခင်ပြီးမှ တစ်ချိန်ချိန်မှာ ခွဲခွါရအုံးမယ်ဆိုတော့ ၀မ်းနည်းစိတ်လေး ၀င်မိသေးတယ်။ တွေ့ကြုံဆုံကွဲ ဖြစ်မြဲဓမ္မတာဆိုတာ ဒါပဲ ထင်ပါတယ်လေ။ ဘာပဲဖြစ်ဖြစ် မွေးနေ့မှာ အရမ်းပျော်တယ်။ ကျွန်မမွေးနေ့လေးကို အားတတ်သရော ပါဝင်ဆင်နွှဲပေးခဲ့တဲ့ အစ်ကိုတွေ အမတွေ သူငယ်ချင်းတွေနဲ့ ခင်မင်ရသူအားလုံးကို ကျေးဇူး အများကြီးတင်ပါတယ်။ ကျွန်မကို အထူးဂရုစိုက်ပေးတဲ့ အချစ်ဆုံးမောင်ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ အခုလို အားလုံး ပျော်ပျော်ရွှင်ရွှင် ကျင်းပခဲ့တဲ့ မုန့်စားပွဲလေးနဲ့ သူတို့အားလုံးရဲ့ စေတနာမေတ္တာတွေကို ကျွန်မ တစ်သက် မေ့လို့ရမယ်မထင်တော့ပါဘူးရှင်။

1 comments:
သြော်......
ပြောလေ... ပြောမယ်ဆိုပြီး......ပြောလည်း မပြောဘူး...။
Post a Comment