သူ့ဆီမှာ အကြောင်းတစ်ခုခုရှိ၍ သွားရောက်တွေ့ဆုံလျှင် အယုတ်အလတ် အမြတ်မရွေး စိတ်ကျေနပ်စွာ ပြန်ခဲ့ကြရသည်ချည်း ဖြစ်ပါသည်။ နံနက်မိုးလင်း မျက်နှာသစ်ပြီးသည်နှင့် သူသည် ဘုရားရှိခိုး၊ ပရိတ်ကြီးတစ် ဆယ့်တစ်သုတ်ကို ရွတ်၍မေတ္တာပို့ ခြင်းပြုသည်။ သူ၏မေတ္တာပို့ပုံက အများသူငါ မေတ္တာပို့ပုံမျိုး မဟုတ်ပါ။ သူ့အထက်ရှိ အဆင့်ဆင့်သော ပုဂ္ဂိုလ်တွေ၊ သူ့မိတ်ဆွေတွေ၊ သူ့လုပ်ဖော် ကိုင်ဖက်တွေအားလုံးကို တစ်ဦးချင်း အမည်တွေကို ရွတ်ဆို၍ မေတ္တာပို့သည်။ ရုံးမတက်မီအိမ်သို့ လာရောက်သမျှ ဧည့်သည်တွေကိုသူ့ Break Fast များဖြင့် ဧည့်ဝတ်ပြုသည်။ လာ၍ပေးသော လက်ဆောင်တွေကို ဘုန်းကြီးကျောင်းသို့ ကာယကံရှင်ကိုယ်တိုင် သွားရောက်လှူဒါန်းစေသည်။
Show/Hide
ခရီးသွားလျှင်လည်း အတူပါလာသူ ဝန်ထမ်းအားလုံးသို့ ဒေသခံတို့၏ လက်ဆောင်တွေကို ခွဲဝေပေးသည်။ ဥပမာ-တောဘဲဥ အလုံး ၅ဝ လက်ဆောင်ပေးလျှင် ပဲ့ထောင်မောင်း သူအပါအဝင် ခရီးဖော်အားလုံးနှင့် သူပါ ငါးယောက်ဆိုပါက တစ်ယောက်လျှင် ဘဲဥ ဆယ်လုံးနှုန်းဖြင့် ဝေငှကာ သူလည်းဆယ်လုံးပဲ အချိုးကျယူသည်။ တောဘဲဥဆိုသည်မှာ ကျေးလက်၌ ခြံမခတ်ဘဲမွေး၍ သဘာဝအတိုင်း လွှတ်ထားသော ဘဲများကအုသည့် ဘဲဥကို ခေါ်ခြင်းဖြစ်ကာ ထိုဘဲဥများသည် အနှစ်များ၍ အကာထူပါသည်။ ခြံဖြင့်မွေးသော ဘဲဥများထက် အရသာပို၍ ဆိမ့်ပါသည်။
သူဆီလာသမျှ အခက်အခဲရှိ သူတွေကို စိတ်ပါလက်ပါ ချက်ခြင်း တစ်ထိုင်တည်း မထဘဲ အလုပ်ပြီးအောင် ကူညီလေ့ရှိသည်။ သူ့အထက် မှဖြစ်စေ၊ သူ့အောက်မှဖြစ်စေ ဝန်ထမ်းကြီးငယ်တွေက သူ့ကိုဖိနှိပ်ခြင်း မထီမဲ့မြင်ပြုခြင်းတွေကိုလည်း သူက အပြုံးမပျက် စေတနာမပျက် လုပ်ကိုင်ဆောင်ရွက် ပေးသည်ချည်း ဖြစ်ပါသည်။
သူ့အထက်မှာ တာဝန်ထမ်းရွက် ခဲ့ပြီး သူ့ကိုအထက်စီးမှ ဆက်ဆံခဲ့ သူတစ်ဦးသည် ရာထူးမရှိတော့သည့် ကာလ သူ့ဆီကို ရောက်လာသောအခါ ၌လည်း အငြိုးအတေးမထားဘဲ ယခင်က သူ့အထက်က နေစဉ်သကဲ့သို့ ရိုရိုသေသေလေးလေးစားစား ဆက်ဆံသည်ကိုပင် စာရေးသူတွေ့ရ ဖူးပါသည်။ သူက အမှတ်အတေး မရှိသလို လုပ်နေသော်လည်း စာရေးသူတို့ ဖြစ်စဉ်အကြောင်းရင်းကို သိနေသူတွေကမူ ရင်ထဲက တနုန့်နုန့်ဖြင့် ရှိနေကြရပါသည်။ ဤတွင် တစ်ခါက ငယ်ဆရာတစ်ဦးဖြစ်ခဲ့ဖူးသူ နိုင်ငံသိ ပန်းပုဆရာကြီး ဦးဟန်တင်၏ သြဝါဒတစ်ရပ်ကို နားနှင့်ဆတ်ဆတ် ပြန်လည်ကြားယောင်မိပါသည်။ ''တပည့်ရေ ကိုယ့်ကိုဒုက္ခပေးခဲ့တဲ့ လူတွေဟာ တစ်နေ့ကျရင် ကိုယ့်ရှေ၌လာပြီး မှောက်လျက်လဲ နေတတ်တယ်ကွယ့်၊ အဲဒီအခါမှာ ကိုယ်က ဆွဲထူပေးရမှာလား။ လက်ပိုက်ကြည့် နေရမှာလားဆိုတာ ဝေခွဲရ ခက်နေတတ်တယ် တပည့်''ဟု ဆရာကြီး ဦးဟန်တင်က နိုင်ငံတော်ပန်းချီအနု ပညာကျောင်း State School of Fine Arts တွင် ပန်းပုသင်တန်းဘာသာရပ် ပို့ချရင်း လူ့ဘဝအတွက် မှတ်သား ဖွယ်သြဝါဒတစ်ရပ်ကို မိန့်မှာဖူးပါသည်။
စာရေးသူကမူ ဆွဲထူမိသည် လည်းရှိသကဲ့သို့ လက်ပိုက်ကြည့်နေ ခဲ့ရသည်များလည်းရှိနေကာ တစ်ခါ တစ်ရံ မျက်နှာလွှဲ၍နေလိုက်သည်များ ပင်ရှိခဲ့ပါသည်။ အထက်ပါ သူက တော့မူ ဆွဲထူ၍ဖုတ်ဖက်ခါပေးလိုက် သည်ချည်းဖြစ်ပုံရပါသည်။
စေတနာ ကောင်းလွန်း၍လည်း သူ့ကို အထက်အောက် ဝဲယာရှိသမျှတွေက ချစ်ခင်လေးစား ခင်မင်နေကြပါသည်။ မချစ်ခင် မလေးမစား မခင်မင်သူတွေလည်း အထိုက်အလျောက် ရှိနေပါသေးသည်။
နောက်တစ်ဦးကိုလည်း တွေ့ဖူးပါသေးသည်။
သူသည် ပတ်ဝန်းကျင်အားလုံး ရှိသူတွေကို ပြေပြစ်စွာဆက်ဆံတတ် သူတစ်ဦးဖြစ်သည်။ သူနှင့်စာရေးသူတို့ တွေ့ဆုံရင်းနှီးခဲ့သည်မှာ ဆယ်စုနှစ် သုံးစုစာမျှ ရှိခဲ့ပါသည်။
စာရေးသူထံ အပ်နှံထားသော ရောင်းဈေးကျပ်ခုနစ်သောင်းတန် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ တိုင်လုံး (ယောက်ျားတစ်ဘက်ခွဲကျော်) မီတာပါ နေအိမ်တစ်လုံးကို ရောင်းဖို့ရှိကြောင်းဖြင့် သူ့အား အမှတ်မထင် ပြောမိရာမှ ထိုအိမ်ကို သူဝယ်ဖြစ်သွား၏။ လွန်ခဲ့သော တစ်ဆယ့်ငါး နှစ်ခန့်ကဖြစ်၍ သူတို့ဌာနသည် အခြေတကျနေရသော ဝန်ထမ်းဌာနမျိုး မဟုတ်သဖြင့် အမှတ်မထင် မေးမိသည်ဟု ဆိုရခြင်း ဖြစ်ပါသည်။
အိမ်ဝယ်ပြီးနောက် အိမ်နံရံ အကာသစ်တွေ ဆွေးပေါက်နေသဖြင့် အသစ်လဲလှယ်ရန် စာရေးသူကို တိုင်ပင်သဖြင့် ကုန်ကျမည့် သစ်စာရင်းကို စာရေးသူက တွက်ချက်၍ ကူညီလိုက်သည်။ အစိုးရသစ်ဆိုင်မှာ သစ်တစ် တန်ခန့်ကို အစိုးရဈေးနှုန်းဖြင့် ဝယ်ခွင့်ရသည်။ ထိုအချိန်၌ တိုက်တိုက် ဆိုင်ဆိုင်ပင် သူသည် ထီဆုအသေးတစ်ခု ပေါက်လေရာ သစ်ဖိုးငွေကို အဆင်ပြေစွာ ပေးချေဝယ်ယူနိုင်လေသည်။
တစ်ဖန် သူ့အိမ်က သွပ်မိုးတွေမှာ မိုးယိုသဖြင့် ဖာထေးဖို့ ပြင်ဆင်ရာ မိုးယိုသည်က တစ်နေရာတည်း မဟုတ်ဘဲ သုံးလေးနေရာမက ဖြစ်နေသည်။ သွပ်ပြားအချပ်လိုက် အသစ်လဲလှယ်ရမည်လား။ တစ်ပေါက်ချင်း ဖာထေးရမည်လား စဉ်းစားနေရခိုက် သူ့အသိ ပုဂ္ဂလိကစက်ရုံတစ်ရုံက မိတ်ဆွေတစ်ဦး သူ့အိမ်သို့ လာလည်၏။ လာ၍လည်ပတ်သူ ပုဂ္ဂလိက စက်ရုံလုပ်ငန်းရှင်က ''အစ်ကို့အမိုးသွပ်တွေက ဒန်သွပ်တွေပါလား။ ကျွန်တော့်စက်ရုံမှာ ခေါင်းတိုင်လုပ်ဖို့ ဒန်သွပ်ရှာနေတာ အတော်ပဲ'' ဆိုကာ သွပ်ပြားအသစ်တွေ အိမ်တစ်လုံး တစ်မိုးစာဝယ်ပေး၍ သွပ်ပြားချင်းလဲလှယ် ပေးသွားလေသည်။ သွပ်မိုးခသာ ကုန်ကျပြီး အမိုးအသစ်ဖြင့် မိုးယိုမှုဒုက္ခပါ ကင်းစင်သွားရ ပါလေတော့၏။
သူသည် ဘယ်သူ့ကိုမျှ အဆိုး မြင်ဝါဒဖြင့် မကြည့်ဘဲ အမြဲပင် အကောင်းမြင်ဝါဒနှင့်သာ ကြည့်တတ်သူဖြစ်သည်။ သူသည် အမြဲတမ်း လန်းဆန်း၍ တက်ကြွစွာဖြင့် အလုပ်တာ ဝန်များကိုလုပ်၍သာ နေတတ်၏။ သူနှင့်သူ၏ လုပ်ဖော်ကိုင်ဖက်များအပေါ် အခွင့်အရေး ပိုယူတတ်သည့် အထက်အရာရှိ တွေကိုလည်း အပြစ်မမြင်ဘဲ ပုံမှန်ရိုသေစွာ ဆက်ဆံတတ်၏။ သူသည် ရာထူးတိုးမယူဘဲ လက်ရှိရာထူးဖြင့်သာ ဤနေရာ ဤရုံး၌နေသဖြင့်သာ ရာထူးမတက်ခြင်း ဖြစ်သည်။
အကယ်၍ ဤရာထူးထက် တစ်ဆင့် မြင့်ရာထူးကိုရယူလျက် နယ်ပြောင်း ခဲ့ပါက သူ့အပေါ်မှလက်ရှိအုပ်ချုပ်၍ အခွင့်အရေးပိုယူသူထက် တစ်ဆင့်မြင့် ရာထူးကို ရရှိနိုင်သော လုပ်သက်၊ ပညာရည်အချင်း၊ ရုံးလုပ်ငန်းကျွမ်း ကျင်မှု၊ ပတ်ဝန်းကျင်ဆက်ဆံရေး တွေသူ့မှာ ပြည့်စုံနေသည်။ သူ့အထက်အရာရှိ၏ လက်ရှိရာထူးမျိုးကို သူမယူခဲ့၍သာ၊ သူသာယူခဲ့လျှင် တန်းတူမဟုတ် တစ်ဆင့်မြင့်ရာထူး ရနိုင်သူဖြစ်ကြောင်း အမူအရာလည်း မပြ။ နှုတ်ကလည်းမပြော၊ စိတ်ထဲ လည်း ရှိဟန်မတူချေ။
ထင်ထင်ရှားရှား မှတ်မိနေသူ နှစ်ဦးကိုသာ ဖော်ပြရခြင်း ဖြစ်ပါသည်။ ဤလိုပုဂ္ဂိုလ်မျိုးတွေ သုံးလေးဆယ် ထက်မနည်း စာရေးသူ၏ဘဝ သက်တမ်းတစ်လျှောက် တွေ့ခဲ့ဖူးပါသည်။ သူတို့၏စေတနာလုပ်ရပ်တွေက သူတို့ကို အကျိုးပေးပုံတွေကို စာရေးသူ မသိရှိခဲ့၍သာ ယခုလို ဖော်ပြခွင့်မရခြင်း ဖြစ်ပါမည်။
ဤလိုစေတနာကောင်း စေတနာသန့်သူတွေ၏ဇနီးဖြစ်သူတွေကလည်း သူတို့၏ စေတနာလုပ်ရပ်တွေကို ကန့်ကွက်ခြင်းမပြုကြခဲ့၍ သူတို့၏ စေတနာတွေ ဖြောင့်တန်းစွာ ဖော်ဆောင်ခွင့် ရကြခြင်း ဖြစ်လေရာ ပါရမီ ဖြည့်ဖက် သူတို့၏ ဇနီးတို့ကိုလည်း ပူးတွဲမှတ်တမ်း ပြုအပ်ပါသည်။
စေတနာတွေ ရေစီးကမ်းပြို လိုက်သည်ဆိုသောစကားကဲ့သို့ တရဟောကြီး ကောင်းမွန်လှခြင်းပင်ဖြစ် ကြပါသည်။
တရားဓမ္မနှင့် စပ်လျဉ်းသော အလုပ်တွေကို လုပ်ကိုင်နေကြလင့် ကစား၊ တရားဓမ္မ၏ အဆိုအမိန့်တွေ နှင့်ထပ်တူညီအောင် ပြုမူပြောဆိုနေထိုင် ဆက်ဆံကာ စိတ်ထားဖြူဖြူစင် စင်ထားတတ်ကြဖို့ကား မလွယ်ကူသည်ကို လက်တွေ့ကျင့်သုံးဖူးသူတွေ သာသိကြပါသည်။ စေတနာဖြောင့်ဖြောင့် စိတ်ထားမှု ဖြောင့်ဖြောင့်ရှိနေဖို့က ပို၍မလွယ်လှကြောင်း ဆင်ခြင်တတ်သူတို့သိကြပါသည်။
စာရေးသူတို့သည် စေတနာမှန်လျှင် ကံဖြစ်သည်ဆိုသောအဆိုအမိန့် စေတနာကောင်းလျှင် ကံကောင်းမည် ဆိုသော သြဝါဒတွေနှင့် ယဉ်ပါးခဲ့ကြသည်မှာ လူမှန်းသိတတ်စ အရွယ်ကပင် ဟုဆိုကြရပါမည်။ မိမိဘက်က စေတနာဖြူစင်သည်နှင့်အမျှ တူညီသော တုံ့ပြန်မှုတွေ ရတတ်သည်ကို လူတိုင်းလိုပင် သိကြပါသည်။ စေတနာကောင်းလျှင် ကံကောင်းသည့် တစ်ကယ့်ဖြစ်ရပ်မှန်တွေကို စုစည်း၍ ရေးထားသော ဆရာသုတေသီ မြင့်ထွန်း၏ စာအုပ်ထဲ၌ အိမ်၌မွေးထားသော ခွေးကလေးကို စေတနာ အပြည့်ဖြင့် ကျွေးမွေးခဲ့၍ ရရှိသော စေတနာတုံ့ပြန်မှုကို ဖတ်ရဖူးပါ သည်။ လူကမှ ကျေးဇူးကို မထီမဲ့မြင် ပြုတတ်သေးသည်။ ခွေးသတ္တဝါကမူ တစ်လုတ်စားဖူးလျှင် ရက်တွေလတွေ မည်မျှပင် ကြာစေဦးတော့ ကျွေးမွေးသူကို မှတ်မိနေတတ်သည်ကို များစွာကြုံဖူးကြပါသည်။
စေတနာဆိုးကြောင့် ဆိုးကျိုး တွေ့ရတတ်သည်ကို စာတွေ့လက်တွေ့များစွာ ရှိပါသည်။ ဤဖြစ်ရပ်မျိုးတွေမှာ ဇာတ်နိပါတ်တွေမှာလည်းကောင်း၊ ကိုယ်တွေ့ဖြစ်ရပ်ဝတ္ထုတွေ မှာလည်းကောင်း များစွာဖတ်ရှုဖူး ကြပါသည်။
လွန်ခဲ့သော လအနည်းငယ် ကာလက မြောင်းမြမြို့ ပကိတ်ကြီးကျေး ရွာဇာတိသား ရဟန်းတော် အရှင်ခေမာစာရနှင့် မြောင်းမြမြို့ မင်းကျောင်းကြီး ကျောင်းတိုက်၌ တွေ့ရစဉ် ''ဒကာကြီးရေ၊ စေတနာသည် လူတိုင်းနှင့် မထိုက်တန်ဆိုတဲ့ နံရံကပ် စာတမ်းရယ်၊ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ ဆိုတဲ့ စာတန်းရယ်။ အဲဒါတွေဟာ မထွန်းကားသင့်၊ မလိုက်နာသင့်တဲ့ လုပ်ရပ်တွေလို့ ဦးပဉ္ဇင်းက တွေးမိတယ်''ဟု မိန့်ကြားပါသည်။
ထို့ကြောင့်ပင် ဤစာကို ရေးဖြစ်ရပါသည်။ စေတနာတွေများများ ထားကြဖို့၊ စိတ်ကောင်းတွေ များများ မွေးမြူတတ်ကြဖို့ အထူးလိုအပ်လျက် ရှိသည်ကို အများသူငါ အသိပင် ဖြစ်ပါ၏။
ချစ်မြတ်

0 comments:
Post a Comment