ဖေဖေ နဲ့ မေမေ့ကို အရမ်းလွမ်းတယ်။
ဖေဖေ နဲ့ မေမေ့ကို ပုံပြင်တစ်ပုဒ်ပြောပြမယ်နော်။
ဟိုးရှေးရှေးတုန်းကပေါ့ ပန်းသီးပင်ကြီးတစ်ပင်နဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ ပန်းသီးပင်ကြီးက ကလေးလေးကို အရမ်းချစ်သတဲ့လေ ။ ကလေးလေးဟာ ပန်းသီးပင်ကြီးနဲ့ နေ့တိုင်းပျော်ရွှင်စွာနဲ့ကစားကြတာပေါ့။ အပေါ်တက်ပြီး ပန်းသီးခူးစားလိုက် မောရင်အပင်ခြေရင်းမှာ အိပ်လိုက်နဲ့ အရမ်းပျော်ခဲ့ကြတာပေါ့။
Show/Hide
ဒီလိုနဲ့ကောင်လေးဟာ ရောက်မလာတာ တော်တော်ကြာသွားတော့ ပန်းသီးပင်ကြီးလည်း လွမ်းနေတော့တာပေါ့။ ဒီလိုနဲ့တစ်ရက်မှာ ကောင်လေးရောက်လာပြန်ရော ပန်းသီးပင်ကြီးကတော့ ၀မ်းမြောက်ပျော်ရွှင်လို့ပေါ့။ ဒါကြောင့် သူက ငါနဲ့ လာကစားပါလားလို့ ပြောတော့ ကောင်လေးက “ငါအခု နင်နဲ့ မကစားချင်တော့ဘူး၊ ငါအရုပ်တွေလိုချင်တယ်” လို့ ပြောတော့ ၊ ပန်းသီးပင်ကြီး “ငါ့မှာ နင်လိုချင်တဲ့ အရုပ်တော့မရှိဘူး နင်လိုချင်တဲ့ အရုပ်တွေကို ပန်းသီးတွေခူးရောင်းပြီးဝယ်ပါလား” လို့ ပြောတော့၊ ကောင်လေးဟာ ပန်းသီးတွေခူးပြီးပျော်ရွှင်စွာနဲ့ ပြန်သွားတယ်။ အဲဒီနောက် တော်တော်နဲ့ ပေါ်မလာတော့ပြန်ဘူး။ ပန်းသီးပင်ကြီး ကတော့မျှော်နေတာပေါ့။
ကောင်လေးဟာ တော်တော်ကြာလာတော့မှ ရောက်လာပြန်ရော။ ပန်းသီးပင်ကြီးက ပျော်ရွှင်စွာနဲ့ ငါနဲ့ လာကစားပါလားလို့ ပြောပြန်တယ်။ ကောင်လေးက “ငါ့မှာ နင်နဲ့ကစားဖို့အချိန် မရှိဘူး။ ငါ့သားသမီးတွေအတွက် အိမ်ဆောက်ဖို့ သစ်သားလိုတယ်” လို့ ပြောတော့ ၊ ပန်းသီးပင်ကြီးက “ငါ့ရဲ့ အကိုင်းတွေကို ခုတ်၊ သစ်သားလုပ်ပြီး အိမ်ဆောက်ပေါ့” လို့ပြောလိုက်တော့၊ ကောင်လေးဟာ ပျော်ရွှင်စွာနဲ့ သစ်ကိုင်းတွေကို ခုတ်ပြီး ထွက်သွားလိုက်တာ ပေါ်မလာတော့ပြန်ဘူးလေ။ ပန်းသီးပင်ကြီးလည်း ကောင်လေးကို လွမ်းပြီး ၀မ်းနည်းပက်လက်နဲ့ တမျှော်မျှော်နဲ့ပေါ့။
ဒီလိုနဲ့ ကောင်လေးဟာ ရက်တွေတော်တော်ကြာလာတော့မှ ရောက်လာပြန်ရော။ ပန်းသီးပင်ကြီးက ပျော်ရွှင်မြူးထူးစွာနဲ့ ငါနဲ့ လာကစားပါလားလို့ ပြောပြန်တယ်။ ကောင်လေးက “ငါ့မှာ နင်နဲ့ကစားဖို့အချိန် မရှိဘူး။ အခု ငါ တရားအားထုတ်ရမယ့်အရွယ်ရောက်နေပြီ။ အဲဒါ မြစ်ရဲ့ ဟိုဖက်ကမ်းကို တရားအားထုတ်သွားဖို့ လှေတစ်စီးလိုချင်တယ်လို့ ပြောတော့၊ ပန်းသီးပင်ကြီးက ငါ့မှာ နင်ကိုပေးဖို့ရာ လှေတော့မရှိဘူး၊ ငါ့ရဲ့ ပင်စည်ကိုခုတ် လှေလုပ်ပြီး သွားပါလေလို့” လို့ပြောလိုက်တော့၊ ကောင်လေးဟာ ပျော်ရွှင်စွာနဲ့ ပင်စည်ကိုခုတ် လှေလုပ်ပြီး ထွက်သွားလိုက်တာ ပေါ်မလာတော့ ပြန်ဘူးပေါ့။ ဒီလိုနဲ့ ပန်းသီးပင်ကြီးလည်း ကောင်လေးကို လွမ်းပြီး ၀မ်းနည်းကြေကွဲနေတာပေါ့။
ဒီလိုနဲ့ ရက်တွေတော်တော်ကြာလာတော့မှကောင်လေးဟာ ရောက်လာပြန်ရော။ ပန်းသီးပင်ကြီးကတော့ ပျော်ရွှင်မြူးထူးလို့ပေါ့။ပန်းသီးပင်ကြီးက“ ဒါပေမယ့် င့ါမှာ နင်စားချင်တဲ့ ပန်းသီးတွေ မရှိတော့ဘူး” လို့ ပြောတဲ့အခါ၊ ကောင်လေးက “ငါ့မှာ ပန်းသီးစားဖို့ သွားတွေမရှိတော့ဘူး” လို့ ပြန်ပြောတယ်။ ပန်းသီးပင်ကြီးက “ငါ့မှာ နင့်ကိုပေးကစားဖို့ ငါ့ရဲ့ အကိုင်းအခက်တွေ မရှိတော့ဘူး” လို့ ပြောတဲ့အခါ၊ ကောင်လေးက “ငါ့မှာ အပင်ပေါ်ကိုတက်နိုင်တဲ့ ခွန်အားတွေ မရှိတော့ဘူး” လို့ ပြန်ပြောလိုက်တယ်။ ပြီးတော့ ပန်းသီးပင်ကြီးက “ငါ့မှာ နင်လိုအပ်ရင် ပေးဖို့ ပင်စည်ကြီးလည်း မရှိတော့ဘူး” လို့ ပြောတဲ့အခါ၊ ကောင်လေးက “ငါ့မှာ ပင်စည်ကိုခုတ် လှေလုပ်ပြီး ဟိုဖက်ကမ်းကိုသွားဖို့ အင်အားတွေ မရှိတော့ဘူး” လို့ ပြန်ပြောလိုက်တယ်။ ငါ တော်တော်ပင်ပန်း နွမ်းနယ်နေပါပြီ။ ငါ့အတွက်နားနေစရာတစ်ခုရှိရင်ကျေနပ်ပါပြီလို့ ပြောတော့၊ ပန်းသီးပင်ကြီးက ၀မ်းသာအားရနဲ့ မင်း တစ်ယောက်စာနားနေဖို့ ငါ့ရဲ့ အမြစ်တွေကျန်သေးပါတယ်။ အေးချမ်းစွာ အနားယူပါလို့ပြောလိုက်တဲ့အခါ ကောင်လေးက ပန်းသီးပင်ကြီးရဲ့ အမြစ်တွေပေါ် လှဲချ အနားယူပြီး နှစ်ယောက်သား ပျော်ရွှင်စွာ နေထိုင်သွားကြ တယ်တဲ့။ ဒီပုံပြင်လေးက ရိုးရိုးရှင်းရှင်းလေးနဲ့ မထူးဆန်းပေမယ့် မိဘနဲ့ သားသမီး မေတ္တာကို ပေါ်လွင်အောင် ဖေါ်ပြထားပါတယ်။
မိဘနဲ့ တူတဲ့ ပန်းသီးပင်ကြီးက သားသမီးတွေရဲ့ လိုအပ်ချက်တွေကို တတ်စွမ်းသလောက် ဖြည့်ဆည်းပေးချင်သလု၊ိ သားသမီးနဲ့ တူတဲ့ ကောင်လေးကလည်း လိုအပ်မှသာ မိဘကို သတိရတတ်ကြတဲ့ လောက ရဲ့ဓမ္မတာတွေပေါ့။
*ဒီလိုပဲ ကျွန်မတို့တွေရဲ့ အဘိုးအဘွားတွေဟာ
ကျွန်မတို့တွေရဲ့ မိဘတွေအတွက် သူတို့အနာဂတ်တွေကို ပေးဆပ်ခဲ့ကြရတယ်။
*ဒီလိုပဲ ကျွန်မတို့တွေရဲ့ဘ၀တွေအတွက် ကျွန်မတို့တွေရဲ့ မိဘတွေဟာ သူတို့အနာဂတ်တွေကို ပေးဆပ်ခဲ့ကြရတယ်။
*ဒီလိုပဲ ကျွန်မတို့တွေလည်း ကျွန်မတို့တွေရဲ့ မျိုးဆက်သစ်တွေအတွက် ကျွန်မတို့အနာဂတ်တွေကို ပေးဆပ်ကြရအုံးမှာဘဲလေ။
သူတို့တွေရဲ့ အနာဂတ်တွေကို ကျွန်မတို့ဘ၀တွေအတွက် ပေးဆပ်ခဲ့ကြတဲ့ မိဘတွေရဲ့ ကျေးဇူးကို ရုပ်ပိုင်းဆိုင်ရာကျေးဇူး ဆပ်နည်းဖြစ်တဲ့ “လောကနည်းနဲ့ ဆပ်ခြင်း” နှင့် စိတ်ပိုင်းဆိုင်ရာကျေးဇူး ဆပ်နည်းဖြစ်တဲ့ “ဓမ္မနည်းနဲ့ ဆပ်ခြင်း” နှစ်မျိုးလုံးနဲ့ ကျေးဇူး ဆပ်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့် ကျေးဇူး ကျေတာ မကျေတာအဓိက မထားဘဲ“ ကျေးဇူး ဆပ်နေဖို့က အဓိက”လို့ နှလုံးသွင်းပြီး မိဘကို အမြဲကျေးဇူး ဆပ်နေဖို့ပဲ အရေကြီး ပါတယ်။
မိဘကျေးဇူးကို ရုပ်ပိုင်းဆိုင်ရာရော၊စိတ်ပိုင်းဆိုင်ရာပါ အဆင့်အတန်းမြင့်အောင် ကျေးဇူး ဆပ်နေတဲ့ သားကောင်း၊သမီးကောင်းရဲ့ ထံမှောက်ကို ကံကောင်းခြင်းလက်ဆောင်တွေ ၀င်လာမစဲတသဲသဲဆိုသလို အလုံးအရင်းနဲ့ ၀င်ရောက်လာမှာကတော့ သေချာပေါက်ပါပဲ။
ဒီစာနဲ့ ပဲ မွေးမေမေ၊ ကျွေးဖေဖေ၊ လူလားမြောက်အောင် ပြုစုစောင့်ရှောက်ခဲ့တဲ့ ဖေဖေ နဲ့ မေမေ ကို ဂါဝရ ပြုလိုက်ပါတယ်။
ချစ်သမီးလေး ၀င်းကေသီ။

0 comments:
Post a Comment