လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) ကျော်ကထုတ်ဝေခဲ့တဲ့ ဆရာတက် တိုးရဲ့ “ကျွန်တော့်အတွေးအခေါ်မှတ်စုများ” စာအုပ်ဟာ အင်မတန်မှ နာမည်ကြီးခဲ့ပါတယ်။ အဲဒီစာအုပ် အခန်းသုံး “ဘ၀၏သဘော” မှ ကောက်နုတ်ချက်များကို ဝေမျှလိုက်ပါ တယ်။
သေခြင်းတရားကို ပုထုဇဉ်တိုင်း ကြောက်သည်။ မကြောက်ဟု ပြောသူသည် မုသာဝါဒီမျှသာ ဖြစ်ချေသည်။ သုံးသပ်ဆင်ခြင်မှုမရှိဘဲ အရမ်းကြောက်နေခြင်းသည်မကောင်း။ အရမ်းမဲ့ မကြောက်ဘဲ နေခြင်းသည်လည်း မကောင်း။ ဘ၀အမြင်မရှိသမျှ ဘ၀၌ နေရကျိုးမနပ်ပေ။ ဘ၀အမြင်ထဲတွင် သေခြင်းတရားကို သုံးသပ်မှုလည်းပါသည်။ နေခြင်းသည် သေခြင်း၏ ရှေ့ပြေးအစီအစဉ်ပင်ဖြစ်၏။
ငါ့အမြင်မှာကား ဘ၀သည် စစ်စစ်အားဖြင့် အဓိပ္ပါယ်မရှိ။ နေခြင်းနှင့် သေခြင်းတို့သည်အခြေ အနေသာ ခြားသည်။ အဓိပ္ပါယ်မရှိခြင်း၌ တူကြ၏။ ဘ၀ကို အဓိပ္ပာယ်သွင်းပေးနိုင်မှသာ အဓိပ္ပာယ်ရှိလာနိုင်မည်။
Show/Hide လူဖြစ်လာပြီး လူတောထဲတွင် နေရသဖြင့် လူမှုရေးတာဝန်များ ရှိလေရာထိုတာဝန်များကို ထမ်းဆောင်ရင်း အခြားလူများ၏ စိတ်ချမ်းသာမှုကို တတ်အားသမျှ ဆောင်ရွက်ပေးသင့်သည်။ မိမိအဖို့တော့ မတည်မြဲသော၊ အဓိပ္ပာယ်စင်စစ်မရှိသော ဘ၀၏အခြေအနေကို အစဉ်သတိပြု ပြီးလျှင် နေတတ်သလို နေဖို့ပင်ဖြစ်သည်။
ဘ၀ဆိုတာ ခဏတာလေးတွေပေါင်းစပ်ပါ။ ငိုကြွေးသည်လည်းတစ်ခဏ၊ ရယ်မောသည်လည်း တစ်ခဏ၊ ပျော်ရွှင်သည်ဆိုခြင်းမှာ ပိုးစုန်းကြူးမီးတောက်သလို ခဏကလေးလင်းပြီး ပြန်မှိတ် သွားတာမျိုးပါ။ပူဆွေးတယ်ဆိုတာလည်းအခိုက်အတန့်ပါ။ စိတ်ဟာအမြဲပဲ ပြောင်းလဲဖောက် ပြန်တာမို့ အာရုံမှန်သမျှ တစ်ခဏပါဘဲ။
ဘ၀သည် ငိုကြွေးခြင်းဖြင့် စ၏။ ငိုကြွေးခြင်းပင် ဆုံး၏။ အစ၌မွေးလာသော ကလေး၏ငိုကြွေး ခြင်းဖြစ်သည်။ အဆုံး၌ကား သေသူ၏ ကျန်ခဲ့သည့် အရင်းအချာများ၏ ငိုကြွေးခြင်းပင် ဖြစ်သည်။ “မွေးလာသည့်အခါ သင်ငိုသည်ကို ၀ိုင်း၍ကြည့်သူများက ပြုံးနေကြသည်။ သေသောအခါဝယ် ၀ိုင်းကြည့်နေသူများက ငိုကြွေးကြသည်။ ထိုအခါ၌ သင်က ပြုံးနိုင်ပါစေ” ဟူသော စကားကို တစ်နေရာတွင် ဖတ်ဖူး၊ မှတ်ဖူးသည်။ သေခါနီးတွင် ပြုံးနေနိုင်ဖို့ ဖြစ်နိုင် မည်မဟုတ်၊ အလွန်ပင် ခဲယဉ်းလှ၏။ သေခြင်းဆင်းရဲသည် ခံရသူအား ပြုံးခွင့်ပေးမည်မဟုတ်။ ဆိုလိုသည်ကား သေရအံ့ဆဲဆဲတွင် စိတ်ဓာတ်ကြံ့ခိုင်ကြည်လင်နိုင်အောင် တရားပြည့်ပါစေဟူ ၍။ ထိုမျှ တရားပြည့်ဖို့လည်း ခက်ခဲလှချေသည်။
ဘ၀ဟူသည် ကြေကွဲဖွယ်မျှသာ ဖြစ်သည်။ ပြုံးရွှင် ပျော်မြူးခြင်းသည် ခဏတာမျှ ဖြစ်ချေ သည်။တကယ်တမ်း ရွှင်ပြုံးစရာ အကြောင်းမရှိချေ။ အပေါ်ယံမျှသာ ဖြစ်သည်။လူ့ဘ၀သည် ဆင်းရဲဒုက္ခအမျိုးမျိုးဖြင့် ပြည့်လျှံနေ၏။ ချမ်းသာသုခ ဟူသည်မှာ တံလျှပ်ကို ရေထင်ခြင်းမျှ သာဖြစ်သည်။ ထိုသို့ဒုက္ခဖြစ်ခြင်းကို ဖုံးကွယ်လို၍ပင် လူတို့သည် ပျော်ပါးမှုကို ရှာကြ၏။ပျော် သည်ဟု ထင်အောင် မိမိကိုယ်မိမိ လှည့်စားကြ၏။
လူ့ဘ၀ရဲ့ ပဟေဠိအတွက် အဖြေမှန်ကို ရှာရာမှာ လောကကြီးရဲ့ မတည်မြဲမှုကို လက်ခံပြီး ဖြစ်တာ၊ ပျက်တာကိုသာ သုံးသပ်ရင်း နေရမယ့်အချိန်ကလေးမှာ နေတတ်သလိုနေပြီး သေရ မယ်ဆိုရင် သေသွားတာပဲကောင်းတယ်လို့ ငါထင်တယ်။ မကျေနပ်တာတွေကိုသာ ပွားများနေ လို့ ဘာမှအကျိုးမရှိတဲ့အပြင် နေရတဲ့အခိုက်ကလေးမှာ စိတ်သက်သာမှု၊ စိတ်ချမ်းသာမှုရမှာ မဟုတ်ဘူး။ ဖြစ်တာလည်း ဖြစ်တာပဲ။ ပျက်တာလည်း ပျက်တာပဲ။ ဘာမှမထူးခြားပါဘူး။လူ တွေဟာ မထူးခြားတာကိုပဲ ထူးခြားတာကြီး အောက်မေ့နေကြလို့ ဒုက္ခတွေဝေဆာနေတာ။
ဘယ်လောက်ပဲကြီးကျယ်ခမ်းနားတဲ့ဘ၀နေရနေရ နောက်ဆုံးတော့ ပြာဖြစ်ရင်ဖြစ်ဖြစ်၊ မြေဩ ဇာဖြစ်ရင် ဖြစ်သွားတာပါပဲ။ နေရတဲ့အခိုက်မှာ စိတ်သက်သာမှုရအောင်နေဖို့၊ တတ်နိုင်ရင် ကိုယ်သက်သာမှုရအောင်နေဖို့ပဲ အရေးကြီးပါတယ်။အဲဒီသက်သာမှုတွေရဖို့ကလည်းရည်ရွယ် ချက်ရှိတဲ့ အလုပ်တစ်ခုခုကို တစ်သက်လုံးသေခါနီးထိ လုပ်သွားဖို့ပဲ လိုတယ်။ အလုပ်ဟာ အသက်၊ အလုပ်ဟာ ဘ၀ပါဘဲ။
လူ့ဘ၀ဟာ အဓိပ္ပာယ်မရှိပေမယ့် လူ့ဘ၀လောက်ကောင်းတာမရှိဘူး။ အဓိပ္ပာယ်မရှိဘူးဆို တာကို လေးလေးနက်နက်သိထားရတော့ ဘာပဲဖြစ်ဖြစ် မအံ့ဩတော့ဘူး၊ မတုန်လှုပ်တော့ဘူး တုန်လှုပ်ရင်လည်း တုန်လှုပ်တာဟာ အဓိပ္ပာယ်မရှိမှန်း သိနေပြီးဖြစ်လို့ အခိုက်အတန့်ပါပဲ။
အပျက်ကိုရှုနိုင်မှ အဖြစ်ကို အာရုံထားနိုင်မယ်။ အားသစ်တိုးနိင်မယ်။ အပျက်ကို မမြင်ဘဲ အဖြစ်ကိုသာ တစ်ဖက်သတ်မြင်နေရင် အမြင်မမှန်ဘူး။ အဲဒီအခါမှာ အပျက်ဝင်လာရင် အကြီး အကျယ် ထိခိုက်ပြီး စိတ်အကြီးအကျယ်ပျက်တတ်တယ်။ပျက်သွားရင် ပျက်သွားပါစေ။ ပျက် တာမထူးဆန်းပါဘူး။ ပြန်လုပ်ရုံပေါ့ဆိုတဲ့ စိတ်ဓာတ်မျိုးကို အဖြစ်ချည်းမမြင်ဘဲ ပျက်တတ်တဲ့ သဘာဝကို အရင်းခံအသိအဖြစ် ခံယူထားနိုင်မှရရှိနိုင်ပေမယ်။
လူ့ဘ၀သည် ပါးပါးရွရွကလေးရှိသော ကြွေပန်းကန်ငယ်နှင့် တူသည်။ မတော်တဆ ထိရုံနှင့် ပင် အစိတ်စိတ်ကွဲသွားပြီးလျှင် ဘယ်နည်းနှင့်မျှ နဂိုအခြေသို့ရောက်အောင် ပြန်လည်ပြုပြင် မရနိုင်ချေ။
လူ့ဘ၀ဟာ ဘာမှ အဓိပ္ပာယ်မရှိဘူး။ ဒါပေမယ့် အဲဒီအဓိပ္ပာယ်မရှိတဲ့ လူ့အဖြစ်ကိုပဲ အဓိပ္ပာယ် ရှိလာအောင် လုပ်ဖို့ဟာ လူ့တာဝန်ပဲ။ ကိုယ်တတ်နိင်သလောက် လူ့ဝတ္တရားတွေကို ကျေပွန် အောင် ဆောင်ရွက်တာဟာ အဓိပ္ပာယ်မရှိတဲ့ လူ့ဘ၀ကို အဓိပ္ပာယ်ရှိအောင်လုပ်တာပဲ။လောက ကြီးမှာ မေတ္တာတရားမှ အပ ဘာမှအဓိပ္ပာယ်မရှိဘူးလို့ပဲ ငါတော့ ဆိုလိုက်ချင်ပါပြီ။
အိုခြင်းဟာ ဆင်းရဲချည်းမဟုတ်သေး၊ ဆုံးရှုံးခြင်းပဲ၊ လူ့အရည်အချင်းတွေလျော့ပါးဆုံးရှုံးတယ် အခွင့်အရေးတွေလည်း ဆုံးရှုံးတယ်။ အသက်ကြီးသူကို ရိုသေတယ်ဆိုတာ တန်းတူမထားဘဲ အပေါ်ကို ကန်တင်လိုက်တာပါဘဲ။ လူတွေ(နုပျိုသေးတဲ့သူတွေ) က တဖြည်းဖြည်းပထုတ် လိုက်တာပါဘဲ။ မအိုဘဲလည်း မနေရ။ အိုလည်းမအိုချင်၊ လူ့ဘ၀ဟာ အသက်တိုရင်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ သေရတာမို့ လူ့ဘ၀စည်းစိမ်ကို မခံစားလိုက်ရလို့ သနားစရာ၊အသက် ရှည်ရှည်နေရရင်လည်း လူ့အခွင့်အရေးတွေ ဆုံးရှုံးပြီး အဖော်ကင်းမဲ့တဲ့ အခြေကို ဆိုက်တာ မို့ သနားစရာ။
ရှိရှိသမျှ လူတွေ လူတွေ ဘာကြောင့် လှုပ်ရှားနေကြတာလဲ။ အသက်ရှင်နေဖို့ပါဘဲ။ ဘာကြောင့်အသက်ရှင်ချင်ကြသလဲ။ လှုပ်ရှားမှုရပ်သွားတဲ့ သေခြင်းကို မလိုလားလို့ဘဲ။ အဲဒါ ဟာ ဘ၀ပဲ။
သိဒ္ဓိမိုး မဂ္ဂဇင်းတွင်မောင်ပွင့်ဥာဏ် (မောရ)ရေးသားသော ''ဘ၀ဆိုတာ'' ဆောင်းပါး မှ ကူးယူဖော်ပြသည်။
0 comments:
Post a Comment