ကျွန်မအရမ်းပျော်မိပါတယ်ရှင်။ ကြည်နူးမှုပီတိလေးတွေနဲ့ ဝေဖြာခဲ့ရတယ်။ အရင်ကတော့ ကြားခဲ့ဖူးတယ်လေ။ ရယူလိုက်ရလို့ ဖြစ်ပေါ်လာတဲ့ ပီတိထက် ပေးဆပ်လိုက်ရလို့ ဖြစ်လာတဲ့ ပီတိက ပိုမိုချိုမြိန်သတဲ့လေ။ ဒီနေ့ ကျွန်မတို့ရဲ့ ဘေးမှာရှိတဲ့ food center ဘက်ကို သူငယ်ချင်းတွေနဲ့အတူ လက်မှတ်သွားပြီးရောင်းခဲ့တယ်လေ။ ဒီလိုကူညီလိုက်ရမှ အဲဒီဒဿနလေးက တကယ်မှန်ပါလားလို့ သိခဲ့ရပါတယ်။
Show/Hide
အဲဒီလက်မှတ်က မိဘမဲ့ ကလေးများ ရန်ပုံငွေအတွက် အလှူခံတဲ့ သဘောပေါ့လေ။ မိဘမဲ့ ကလေးများ နေတာက Jamiyah Children Home. ကျွန်မ အလုပ် လုပ်တာက Jamiyah Nursing Home ဆိုတော့ Jamiyah အဖွဲ့အစည်းရဲ့ လက်အောက်မှာရှိတဲ့သူတိုင်း မဖြစ်မနေ ရောင်းပေးရတယ်လေ။ လက်မှတ်တစ်စောင်ကို s$ 5 ဆိုတော့ ရောင်းရမှာကို စိုးရိမ်မိသေးတယ် ရှက်တာကလည်း တကြောင်း ကြောင့်ပေါ့လေ။ ဒါပေမဲ့ အဲဒီလက်မှတ်ရောင်းပြီးတဲ့ အချိန်မှာတော့ ခံစားချက်က ဆန့်ကျင်ဘက်ဖြစ်သွားတယ်။ မိဘမဲ့ကလေးတွေ အတွက် ကျွန်မလုပ်ပေးနိုင်တာ တစ်ခုတော့ရှိသေးတယ်ဆိုတဲ့ ကျေနပ်တဲ့စိတ်ကလေး ဖြစ်မိတယ်။ ကိုယ် ကိုယ်တိုင်လုပ်မှ ရရှိလာတဲ့ အဲဒီပီတိစိတ်လေးကလေ ဘာနဲ့မှလဲလို့ မရဘူးဆိုတာ ကိုယ်တွေ့ကြုံမှ သိခဲ့ရတာပါ။
အဲဒီလက်မှတ်က ဈေးပွဲတော်မှာ ပစ္စည်းတွေ၊ စားစရာတွေ ၀ယ်လို့ရတယ်လေ။ ကျွန်မတို့ ကိုယ်တိုင်လည်းပဲ လက်မှတ်ဝယ်ပြီး ကိုယ်တိုင်ဈေးသွားဝယ်အုံးမှာလေ။ သူငယ်ချင်းတွေနဲ့အတူ ဈေးလည်းရောင်းကူရသေးတယ်။ ဈေးပွဲတော်မှာလည်း ရောင်းတဲ့သူနဲ့ ၀ယ်တဲ့သူတွေနဲ့ အရမ်းပျော်ဖို့ကောင်းတယ်လေ။ Game တွေလည်းပါတယ်ဆိုတော့ Game ၀ါသနာရှင်တွေအတွက်လည်း ကစားရတာ အရမ်းပျော်ဖို့ကောင်းတယ်လေ။ အဲဒီအတွေးလေးနဲ့ပဲ လက်မှတ်ရောင်းရတာ မောလို့မောမှန်းမသိတော့ဘူးလေ။ ပီတိတွေနဲ့ အမောပြေနေတာပေါ့။ အဲဒီလိုချိုမြိန်တဲ့ ပီတိမျိုးလေး အားလုံးကို ကျွန်မနဲ့အတူ ထပ်တူထပ်မျှ မျှဝေခံစားစေချင်တာပါ။
ကျွန်မတို့ဟာ နေ့စဉ်နဲ့အမျှ ငွေကြေး၊ စည်းစိမ်ဥစ္စာနဲ့ ကိုယ့်ဘ၀အောင်မြင်ရေးတွေအတွက် စိတ်နှစ်ထားကြတယ်။ ဟုတ်ပါပြီ။ ကျွန်မတို့ သေသွားရင် ကျွန်မတို့ ရှာထားခဲ့တဲ့အရာတွေအားလုံးကို ထားပစ်ခဲ့ရမှာလေ။ ကျွန်မတို့ အားကြိုးမာန်တက်ရှာထားခဲ့တဲ့အရာတွေဟာ သူများ လက်ဝယ်ကို ရောက်သွားပါလိမ့်မယ်။
ဒီလိုဆိုရင် ကျွန်မတို့သေပြီးတဲ့နောက် ကျန်ခဲ့တဲ့လောကအတွက် ဘာတွေများ ကျန်နေခဲ့တော့မှာလဲ။ ကျွန်မတို့ကို ဘယ်သူတွေက အောက်မေ့အမှတ်ရ ရှိနေကြအုံးမလဲ။ ကျွန်မတို့ကို ချစ်တယ်ခင်တယ်ဆိုတဲ့လူတွေလည်း ကျွန်မတို့ သေသွားတဲ့အခါ မေ့ပစ်ကောင်း မေ့ပစ်လိုက်ကြပါလိမ့်မယ်။
ဒါပေမယ့် ကျွန်မတို့ အသက်ရှင်စဉ်ကာလအတွင်း အများအကျိုးအတွက် အကူအညီလိုအပ်နေသူတွေကို ကူညီဖူးမယ်ဆိုရင်တော့ “ကျွန်မတို့ရဲ့ ကူညီရိုင်းပင်းတတ်တဲ့စိတ်ဓာတ်”ဟာ ကမ္ဘာတည်သရွေ့ တည်ရှိနေပါလိမ့်မယ်။
နှစ်ပေါင်းများစွာ ကြာတဲ့တိုင် ယနေ့ကမ္ဘာ့သမိုင်းမှာ ထင်ရှားနေတဲ့လူအများကို ကြည့်လိုက်ရင် သူတို့ဟာ လောကအတွက် လိုအပ်တဲ့ ပေးဆပ်မှုတွေကို မဆုတ်မနစ် လုပ်ဆောင်ခဲ့သူတွေပဲ ဖြစ်ပါတယ်။
ကျွန်မ ဒီလို ပြောလိုက်လို့ ကြီးကျယ်တယ်လို့တော့ မထင်စေချင်ပါဘူး။ အများအကျိုးအတွက် ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မဆောင်ရွက်ဖူးသေးပေမယ့် သူတစ်ပါးကို ကူညီလို့ ရလိုက်တဲ့ ပီတိလေးကနေ တွေးမိတာလေးတွေ မျှဝေလိုက်တာပါ။

0 comments:
Post a Comment